CNI International News

လော့စ်အိန်ဂျလိစ်၊ဧပြီ ၆

တရုတ်သံရုံးသည် ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ် (Tsai Ing-wen) နှင့် တွေ့ဆုံရန် စီစဉ်ထားသည့် အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ ကီဗင်မက္ကာသီနှင့် တခြားသော ကွန်ဂရက်လွှတ်တော်အမတ်များအား ခြိမ်းခြောက်သည့် အီးမေးလ်တစ်စောင်ကို ဗုဒ္ဓဟူးနေ့တွင် ရေးသားပေးပို့ခဲ့သည်ဟု Fox News သတင်းတွင် ဖော်ပြသည်။

ဆိုင်သည် အမေရိကန်ဆီးနိတ်လွှတ်တော်အမတ်များနှင့် တွေ့ဆုံခဲ့ပြီးဖြစ်ကာ မက္ကာသီနှင့် ယခုသီတင်းပတ် အတွင်း တွေ့ရန်စီစဉ်ထားသည်။ ပြီးခဲ့သည့်နှစ် ထိုင်ဝမ်သို့ လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီပလိုစီ (Nancy Pelosi) ရောက်ရှိလာမှုကဲ့သို့ အခြေအနေမျိုးဖြစ်သည်။

တရုတ်သံရုံး၏ ကွန်ဂရက်လွှတ်တော်ကိုယ်စားလှယ် လီရှန်း (Li Xiang) က ဆိုင်နှင့်တွေ့ဆုံမှုကြောင့် ပေါ်ပေါက် လာနိုင်သည့် နောက်ဆက်တွဲကိစ္စများနှင့်ပတ်သက်၍ လေးမျက်နှာနီးပါးရှိသော အီးမေးလ်တစ်စောင်ကို ပေးပို့ ခဲ့ခြင်းဖြစ်သည်။ ရန်စမှုတစ်ခုနှင့် ရင်ဆိုင်ရခြင်းအပေါ် တရုတ်အနေဖြင့် ဒီအတိုင်းထိုင်ကြည့်နေမည် မဟုတ် ကြောင်း၊ မလိုချင်သော အခြေအနေနှင့်ပတ်သက်၍ လိုအပ်သောလုပ်ဆောင်ချက်များ ချမှတ်တုန့်ပြန်သွားမည် ဖြစ်ကြောင်း လီရှန်းက ပြောသည်။ ထိုကဲ့သို့ အခြေအနေမျိုးမဖြစ်အောင် အတူတကွ ပူးပေါင်းဆောင်ရွက်သွား မည်ဟုလည်း ၎င်းက တောင်းဆိုထားကြောင်း PunchBowl သတင်းမှ ရရှိသည့် အီးမေးလ်မိတ္တူတွင် ဖော်ပြ ထားသည်။

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ ကီဗင်မက္ကာသီ(ဓါတ်ပုံ-Getty Images)

ပြီးခဲ့သည့်နှစ် နန်စီပလိုစီ၏ ထိုင်ဝမ်ခရီးစဉ်ကြောင့် အမေရိကန်-တရုတ် ဆက်ဆံရေး ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့ ကာ ယင်းမှ သင်ခန်းစာယူရမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။

ဆိုင်သည် ပြီးခဲ့သည့် သီတင်းပတ်တွင် နယူးယောက်သို့ရောက်ရှိလာခဲ့ပြီး ထိုင်ဝမ်သားများကို မိန့်ခွန်း ပြောခဲ့ သည်။ ထို့အပြင် လုံခြုံရေးဆောင်ရွက်ပေးသော အမေရိကန်အား ကျေးဇူးတင်စကားပြောခဲ့ကာ ထိုင်ဝမ်သား များကို ညီညွတ်ရန်လည်း သူမက တိုက်တွန်းခဲ့သည်။ “ထိုင်ဝမ်ဘေးကင်းလေ၊ ကမ္ဘာကြီးပါအန္တရာယ်ကင်းလေ” ဟု သူမကပြောခဲ့ပြီး ထိုင်ဝမ်အနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဆက်ရှိရေး ဒီမိုကရတ်တစ် မိတ်ဖက်များ နှင့် ပူးပေါင်းသွားမည်ဟုလည်း ပြောသည်။

တရုတ်အစိုးရသည် ဆိုင်နှင့်မက္ကာသီတို့ တွေ့ဆုံမှုနှင့်ပတ်သက်၍ အင်္ဂါနေ့တွင် သတိပေးမှုလုပ်ဆောင်ခဲ့ကာ ယင်း က တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ချိုးဖောက်မှုဟု ပြောသည်။ မက္ကာသီအနေဖြင့် တရုတ်တစ်နိုင်ငံတည်း သဘောတရားကို လျစ်လျူရှုမည်၊ အမှားများမှ သင်ခန်းစာယူရန် ငြင်းဆန်မည်၊ ထိုင်ဝမ်ကို ဆက်ကစားနေဦး မည်ဆိုလျှင် ယင်းက တရုတ်-အမေရိကန်ဆက်ဆံရေးကို ထပ်မံထိခိုက်စေသည့်အပြင် တရုတ်ပြည်သူများ၏ စည်းလုံးမှု၊ နိုင်ငံတော်ပြန်လည်ပေါင်းစည်းရေးအတွက် ပိုမိုအားကောင်းလာစေမည်ဟု လော့စ်အိန်ဂျလိစ်ရှိ တရုတ်ကောင်စစ်ဝန်ရုံး ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောသည်။

အမေရိကန်အပါအဝင် တခြားနိုင်ငံများ လက်ခံကျင့်သုံးနေသည့် တရုတ်တစ်နိုင်ငံတည်း မူဝါဒသည် ဘေဂျင်း အစိုးရသာလျှင် တရုတ်၏တစ်ခုတည်းသော တရားဝင်အစိုးရအဖြစ် သတ်မှတ်ထားသည်။

Source:Fox News