CNI News
၂၀၂၃ ခုနှစ်၊ ဧပြီ ၅


မဟုတ်မမှန် စွပ်စွဲပြောဆိုမှုများအပေါ် သတင်းမှန်များနှင့် တုန့်ပြန်လုပ်ဆောင်ရမည်ဖြစ်သည့်အတွက် သမာ သမတ်ကျသည့် ပြည်တွင်း/ပြည်ပ မီဒီယာများ၏ အားကို ရယူနိုင်ရန် ကြိုးစားဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။


၂၀၂၃ ခုနှစ်၊ ဧပြီ ၅ ရက်နေ့က ကျင်းပသည့် မြဝတီရုပ်မြင်သံကြား၏ ၂၈ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်း အနားတွင် ၎င်းက ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။


ယနေ့ ၂၁ ရာစုတွင် သတင်းစီးဆင်းမှုနှုန်းသည် မြန်ဆန်သောကြောင့် အချိန်နှင့်အမျှ ပြောင်းလဲ ဖြစ်ထွန်းမှု နောက်ကို မီဒီယာ အားကောင်းကောင်းနှင့် လိုက်ပါနိုင်စွမ်း ရှိရန်လိုအပ်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။


ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ အချို့သတင်း မီဒီယာများသည် တိကျမှု၊ ဘက်မလိုက်မှု၊ မျှတမှု စသည့် မီဒီယာကျင့်ဝတ်များကို လိုက် နာမှုမရှိ၊ ကျင့်ဝတ်နှင့်မညီညွတ်စွာ သတင်းများ ဖော်ပြနေသည်ကို တွေ့ရပါ ကြောင်း၊ တပ်မတော်၏ ပုံရိပ်နှင့် ပြည်သူ့ဆက်ဆံရေးကို ထိခိုက်ကျဆင်းအောင် ပုံဖော်ဆောင်ရွက် နေကြ သည်ကိုလည်း တွေ့ရပါကြောင်း၊ မဟုတ်မမှန် စွပ်စွဲပြောဆိုမှုများအပေါ် နိုင်ငံပိုင် မီဒီယာများ၊ တပ်မတော် မီဒီယာများက သတင်းမှန်များနှင့် တုန့် ပြန်လုပ်ဆောင်ရမည်ဖြစ်သကဲ့သို့ သမာသမတ်ကျသည့် ပြည်တွင်း၊ ပြည်ပ မီဒီယာများ၏ အားကိုလည်း ရယူ နိုင်ရန် ကြိုးစားဆောင်ရွက်ရမည်”ဟု ပြောသည်။


မိမိတို့ တပ်မတော်၏ မီဒီယာလုပ်ငန်း တာဝန်များကို ထမ်းဆောင်နေကြရသည့် မြဝတီရုပ်မြင်သံကြား၊ မြဝတီ စာပေတိုက်၊ မြဝတီသတင်းစာတိုက်၊ ရတနာပုံ သတင်းစာတိုက်နှင့် သဇင်အသံလွှင့်ဌာနတို့သည် တိကျခိုင်မာ သည့် သတင်းမှန်များအပေါ် မှန်ကန်မြန်ဆန်စွာ တင်ပြနိုင်ရန်လိုသကဲ့သို့ သတင်းမီဒီယာကျင့်ဝတ်ကို အလေး ထားသည့် မီဒီယာများ ဖြစ်စေရေး ဆောင်ရွက်သွားကြရမည်ဟု ၎င်းက ပြောသည်။


လက်ရှိ မြန်မာ့မီဒီယာ လောကသည် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲ၊ အဖွဲ့အစည်းစွဲ၊ ဘာသာစွဲ မရှိရန်နှင့် ဘက်လိုက် မှုမရှိရန်ဆိုသော ကျင့်ဝတ်ပိုင်း စောင့်ထိန်းမှု အားနည်းလျက်ရှိပြီး သူ့ဘက် ကိုယ့်ဘက် အစွဲဖြင့် တင်ဆက်နေမှု များကို တွေ့နေရသည်ဟု သတင်းပညာ သင်ကြားပေးနေသည့် သတင်းစာဆရာ တစ်ဦးက ပြောသည်။


-