CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၆

ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်နှင့် ဒလမြို့နယ်ကို ချိတ်ဆက်ထားသော မြန်မာ-ကိုရီးယား ချစ်ကြည် ရေး(ဒလ)တံတားကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်က ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် ဖွင့်လှစ်ခဲ့သည်။

နိုင်ငံတော်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင်ရှိသည့် တိုင်းရင်း သား ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် အခြေခံ အဆောက်အအုံဖြစ်သည့် ပို့ဆောင်ဆက်သွယ် ရေး ကဏ္ဍတွင် ပါဝင်သော လေကြောင်း၊ ရေကြောင်းနှင့် ကုန်းကြောင်းမှ လမ်း၊ တံတားများ ကောင်းမွန်ရေးနှင့် လျှပ်စစ်မီး ရရှိရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ) တံတားကြီး တည်ဆောက် ပြီးစီးသွား ပြီ ဖြစ်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့မှ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့များကို လွယ် ကူ လျင်မြန်စွာ သွားလာနိုင်မည်ဖြစ်သကဲ့သို့ ထိုမှတဆင့် ဧရာဝတီတိုင်းဒေသကြီးရှိ မြို့များသို့လည်း လွယ်ကူ လျင်မြန်စွာ သွားလာနိုင်မည်ဖြစ်ကြောင်း၊ ဒလမြို့သည် ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ကို ဆက်သွယ်ထားသည့် ဝင်ပေါက်မြို့ တစ်မြို့ဖြစ်လာပြီး ဒေသတွင်းက ထုတ်ကုန်များကို ကုန်းလမ်းမှ အချိန်တို အတွင်း သယ်ယူပို့ဆောင်နိုင်မည်”ဟု ပြောသည်။

ထို့ပြင် ဒေးဒရဲတံတားမှ တဆင့် ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေးမြို့နှင့် ကမ်းခြေ ဒေသများ အပါဝင် ဧရာဝတီတိုင်းဒေသ ကြီးရှိ မြို့များကိုလည်း လွယ်ကူလျင်မြန်စွာ ဆက်သွယ်သွားလာနိုင်မည်ဟု ၎င်းက ပြောသည်။

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ) တံတားကို ၂၀၁၂ ခုနှစ်က သမ္မတ ဦးသိန်းစိန်(ငြိမ်း) ကိုရီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အတွင်း မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေးစီမံကိန်း ၁ ခု ဖော်ဆောင်ရန် ဆွေးနွေးခဲ့ပြီး နောက် ၂၀၁၃ ခုနှစ်မှာ စီမံကိန်းအား စတင်အကောင်အထည်ဖော်ခဲ့သည်။

ထို့နောက် ၂၀၁၅ ခုနှစ်တွင် တည်ဆောက်ရေး လုပ်ငန်းများ စတင်ခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နှောင့်နှေးခဲ့ရာမှ ယခု ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်တွင် ကွန်ကရစ်သွန်းလောင်း တံတားဆက်ခြင်း မဟာမင်္ဂလာ အခမ်းအနားကို ကျင်းပခဲ့ခြင်း ဖြစ်သည်။

ထိုတံတားသည် သံမဏိကြိုးဆိုင်းတံတား Cable-Stayed Bridge အမျိုးအစားဖြစ်ပြီး ၄ လမ်းသွား တံတားဖြစ် ကြောင်း၊ ပင်မတံတား အရှည်မှာ ၂၂၆၄ ပေ၊ ရန်ကုန်ဘက် ချဉ်းကပ်တံတား အရှည်မှာ ၁၈၉၁ ပေ၊ ဒလဘက်ကမ်း ချဉ်းကပ်တံတားအရှည်မှာ ၁၉၇၂ ပေ၊ ရန်ကုန်ဘက်ကမ်းနှင့် ဒလဘက်ကမ်း ချဉ်းကပ်လမ်းအရှည်မှာ ၃၄၅၃ ပေဖြစ်ပြီး တံတားတစ်စင်းလုံး၏ စုစုပေါင်း အရှည်မှာ ၆၁၂၇ ပေဖြစ်သည်။

အဆိုပါ တံတားသည် မြန်မာနိုင်ငံရှိ တည်ဆောက်ပြီးစီးခဲ့သည့် သံမဏိကြိုးဆိုင်းတံတားများအနက် ရေလမ်း ကင်းလွတ်အမြင့်ဆုံး တံတားဖြစ်ပြီး တံတားအောက်မှတန်ချိန် ၁၅၀၀၀ ရှိသည့် နိုင်ငံတကာပင်လယ်ကူး သင်္ဘောကြီးများနှင့် ပြည်တွင်းရေကြောင်းသွား သင်္ဘောကြီးများ ဖြတ်သန်းအသုံးပြုနိုင်ရန် တံတားကင်းလွတ် အမြင့်ပေ ၁၆၀၊ အကျယ် ၉၉၀ ရှိကြောင်း၊ တံတား၏ ခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်သည်။