CNI News

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၆

မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများကြား ကုန်စည်စီးဆင်းလျက်ရှိသော နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း အမြန် ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး လာမည့် အစိုးရသစ်မှ မည်ကဲ့သို့‌ ဆောင်ရွက်သွားသင့် သလဲဆိုသည့်အ‌ပေါ် စီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေးလေ့လာသူများအကြား သုံးသပ်ဆွေးနွေးမှုများ ရှိနေကြသည်။ 

နယ်စပ်ကုန်သွယ်ရေးစခန်းများ၊ ကုန်သွယ်ရေး လမ်းကြောင်းများ ပိတ်ရခြင်း အဓိက အကြောင်းအရင်းသည် နယ်မြေ တည်ငြိမ်မှု အားနည်းနေခြင်းနှင့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရန် လမ်းပန်းဆက်သွယ်‌ရေး ခက်ခဲနေ ခြင်းများကြောင့် ဖြစ်သည်။

အစိုးရအနေဖြင့် နယ်စပ်ကုန်သွယ်ရေးစခန်းများ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရန်နှင့် နယ်မြေ တည်ငြိမ်မှု ရှိစေရန်အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုများကို အရှိန်အဟုန်ဖြင့် အမြန်ဆုံး လုပ်ဆောင်ရန် လိုအပ်သည်ဟု စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြော သည်။ 

တရုတ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်က ဂိတ်ကိုတွေ့ရစဉ်

၎င်းက “အဲဒီစခန်းတွေက ရပ်တန့်ရတဲ့ အဓိက အကြောင်းအရင်းက ကျနော်တို့ဘက်က ပို့တာတွေ ပိတ်တာတွေ သူတို့ဘက်က သွင်းတာတွေကို ပိတ်တာတွေထက် လမ်းပန်းဆက်သွယ်ရေးပြဿနာ ဖြစ်ပါတယ်။ ဆိုတဲ့အခါကျ တော့ ဒီလမ်းပန်းဆက်သွယ်ရေးမှာ နယ်မြေလုံခြုံမှုရမှပဲ trader တွေအနေနဲ့ ကုန်သည်တွေ အနေနဲ့လည်း ကုန် သွယ်ရေးကို ပြန်စလို့ရမယ်။ တက်လာမယ့် အစိုးရက ဒီလိုမျိုး နယ်စပ်ကုန်သွယ်ရေးစခန်းတွေ အမြန်ဆုံး ပြန်ဖွင့် ဖို့ဆိုရင် ကျနော်တို့က နယ်မြေတည်ငြိမ်မှုနဲ့ဗျာ လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းအောင်လုပ်ဖို့လိုတယ်။ အဲဒါ က လွှတ်တော်မှာ အဆိုတင်ပြီး ဆွေးနွေးရုံနဲ့တော့ ဖြစ်‌ပေါ်လာနိုင်တဲ့ ကိစ္စမျိုး မဟုတ်ဘူး။ အဲဒီကောင်ကကျတော့ ဘာလုပ်ရမလဲဆိုတော့ ဖြစ်နေတဲ့ ပဋိပက္ခ ဖြစ်စဉ်တွေမှာရှိ‌နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရှိမယ်။ ပြီးတော့ တခြားသော အဖွဲ့အစည်း အသီးသီးနဲ့ ကျနော်တို့က ညှိနှိုင်းတာတွေ ဆွေးနွေးတာတွေ ကျနော်တို့ လုပ်ဖို့ လိုအပ်တယ် တက်လာတဲ့ အစိုးရအနေနဲ့။ လက်ရှိ အစိုးရကလည်း လုပ်ဆောင်မှုတွေတော့ရှိတယ်။ သို့သော်ငြား လည်းပဲ  ဒီပုံစံကြီးအတိုင်းပဲ အစိုးရသစ်တစ်ရပ်သာ ပြောင်းလဲသွားတယ်။ ကျနော်တို့ ကုန်သွယ်မှုတွေက ပြောင်း လဲမှု မရှိလာဘူး။ ပိုမို ကောင်းမွန်လာခြင်း မရှိလာဘူးဆိုရင် တိုင်းပြည်က ဒုံရင်း ဒုံရင်းပဲ ဖြစ်နေမှာ”ဟု ပြောသည်။

မြန်မာနိုင်ငံသည် နယ်စပ်ကုန်သွယ်ရေးကို အဓိက အားထားနေရသည့် နိုင်ငံဖြစ်သည့်အတွက် လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေရခြင်းကြောင့် ပြည်သူများသည် ကုန်စျေးနှုန်း အဆမတန် မြင့်တက်မှု ဒဏ်ကို ရင်ဆိုင်နေကြရသည်။

ကုန်စျေးနှုန်း အဆမတန် ကြီးမြင့်မှု ပြဿနာသည် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများ အဆင်မပြေသည်နှင့် များစွာဆက်စပ်နေကြောင်း၊ ကုန်သွယ်ရေး အတားအဆီး ဖြစ်စေသည့် ဥပဒေ၊ စည်းမျဥ်း စည်းကမ်းများကို အစိုးရ အနေဖြင့် ပြန်လည် စဥ်းစားသင့်သည်ဟု စီးပွားရေးလေ့လာသုံးသပ်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။ 

တရုတ်နယ်စပ်ဂိတ်နဲ့လက်နက်ကိုင်ကိုတွေ့ရစဉ်

၎င်းက “ကျနော့်အမြင်ကတော့ (Normal Trade နဲ့ Border Trade) ရှိတာပေါ့။ Border Trade ရဲ့ volume က တော်တော်များတယ်။ အဲဒီ‌လမ်းကြောင်းကတော့ ကျနော့် အမြင်ကတော့ ကောင်းမှရမှာ။ အဲဒီလမ်းကြောင်းက မကောင်းဘူးဆိုလို့ရှိရင် ကျန်တာတွေက သိပ်အဆင်ပြေမှာ မဟုတ်ဘူးလေ။ Normal Trade ကတော့ ဒါပြဿနာ မရှိဘူး။ Border Trade မှာကျတော့ တစ်ခုရှိတာပေါ့ ကုန်ဈေးနှုန်း ဘာညာ ကြီးမြင့်တာသည် ဒီလမ်းကြောင်းတွေ ရဲ့ အဆင်မပြေမှု အကြောင်းကိစ္စလည်း အများကြီးပါတာကို။ နောက်တစ်ချက်ကကျတော့ လူဆိုတာ စီးပွားရေး လုပ်ငန်း လုပ်ပြီဆို ကိုယ်ရတဲ့ပိုက်ဆံ ကိုယ်ပြည့်ပြည့်ဝဝ လိုချင်တာပေါ့ သဘောက။ Barrier ခေါ်တာပေါ့ (Trade Barrier)ပေါ့ ကုန်သွယ်ရေး အတားအဆီး ဖြစ်စေတဲ့ ဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေ လုပ်ထုံးလုပ်နည်းတွေ ကိစ္စလဲ ပြန်စဉ်းစားသင့်တယ်လို့ ကျနော်က မြင်တာ”ဟု ပြောသည်။
မြန်မာနိုင်ငံသည် အိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများဖြင့် နယ်စပ်ကုန်သွယ်ရေးကို ထူထောင်ထားသည်။

သို့သော် ထိုနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများ တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ကုန်စည်စီးဆင်းမှုများ ရပ်တန့်ထားရပြီး ရေလမ်းကြောင်းကိုသာ အဓိက အားကိုးနေရသည်။

ထို့ကြောင့် မြန်မာ့တပ်မတော်နှင့် အစိုးရသစ်သည် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း အပါအဝင် ပြည်ထောင်စု လမ်းမကြီးတစ်လျှောက်ရှိ နယ်မြေများကို ပြန်လည် ထိန်းချုပ်နိုင်ရန် လိုအပ်သလို လက်နက်ကိုင် အင်အားစုများ ဖြင့် ဆွေးနွေးညှိနှိုင်း၍ သဘောတူညီချက် ရရှိနိုင်ရန်လည်း လိုအပ်နေသည်။ 

မြန်မာပြည်သူလူထုသည် ရွေးကောက်ပွဲအလွန် တက်လာမည့် အစိုးရသစ်နှင့် လွှတ်တော်ကနေ ကုန်စျေးနှုန်း ထိန်းချုပ်ပေးနိုင်ရေးနှင့် ကုန်စျေးနှုန်း ကြီးမြင့်မှု လျှော့ချနိုင်ရေး ဆောင်ရွက်ပေးရန် မျှော်လင့်လျက်ရှိသည်။