CNI News
၂၀၂၆ ခုနှစ်၊ ဧပြီလ ၇
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို အစိုးရဘက်က ပြန်လည်ဖွင့်လှစ်လိုက်သော်လည်း လမ်းကြောင်းတစ်လျှောက်တွင် လက်နက်ကိုင် အင်အားစုများရှိနေခြင်းကြောင့် လုံခြုံရေးအာမခံချက် ရှိရန် လိုအပ်ကြောင်း ကရင်ပြည်သူ့ပါတီမှဥက္ကဋ္ဌ ဒေါ်နန့်ခင်အေးဦးက CNI သတင်းဌာနသို့ ပြောသည်။
နှစ်အတန်ကြာ ပိတ်ထားခဲ့ရသည့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွင် အရေးပါသည့် မြဝတီ-ကော့ကရိတ်-ဘားအံ အာရှလမ်းမကြီးအား ၂၀၂၆ ခုနှစ်၊ ဧပြီ ၂ ရက်နေ့မှ စတင်ကာ ပြန်လည် ဖွင့်လှစ်ခဲ့သည်။
အစိုးရအနေဖြင့် ကုန်သွယ်ရေး လမ်းကြောင်းတစ်လျှောက်ရှိ နယ်မြေတည်ငြိမ်ရေး၊ ပြည်သူလူထု သွားလာရေး လုံခြုံရေး အခြေအနေများကို ဦးဆောင်ပြီး လုပ်ရမည်ဟု ကရင်ပြည်သူ့ပါတီမှဥက္ကဋ္ဌ ဒေါ်နန့်ခင်အေးဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဆရာမ နည်းနည်း သိရသလောက်ကတော့ ကားလေးတွေပဲ ဖြတ်ခွင့် ပေးသေးတယ်။ ကားကြီး တွေ ဖြတ်ခွင့်မပေးသေးဘူး ။ ကုန်ကားတွေပေါ့ ဒါပြီးခဲ့တဲ့ နှစ်ရက်ပေါ့နော်။ ဒီနောက်ပိုင်းတော့ သူတို့ စီးပွားရေး ၊ ကုန်သွယ်ရေးအရတော့ ဖြတ်ခွင့်ပေးမှာပါ။ အဲဒီလို ဖွင့်လိုက်ပြီဆိုတာနဲ့ ဈေးတွေတော့ ကျ လာတယ်။ ဒီဘက်ကလည်း သွားလို့ရပြီဆိုတော့ ဒါပေမယ့် အကြီးကြီးတွေတော့ သွားလို့မရသေးဘူး။ အသေးတွေပဲ သွားလို့ရသေးတာ။ ဒါပေမယ့် ဒါကတော့ တဖြည်းဖြည်း ဖွင့်သွားမှာပေါ့။ အဓိက တာဝန် ယူရမှာက အစိုးရရယ်၊ ဆရာမသိရသလောက် KNU ဂိတ်လည်းရှိတယ် DKBA ဂိတ်လည်း ရှိတယ်။ နောက် BGF ဂိတ်လည်း ရှိတယ်ပါ့နော်။ အဲဒါတွေကိုတော့ သူတို့လုပ်နိုင်လို့ ဖွင့်တယ်လို့တော့ ဆရာမ ယူဆတယ်ပေါ့နော်။ ဆရာမမြင်တာ အဲဒီလို ဖွင့်လိုက်တယ်ဆိုတာကတော့ သူတို့ မညှိနှိုင်းဘဲနဲ့တော့ မဖွင့်နိုင်ဘူး။ ညှိနှိုင်းလို့သာ ဖွင့်နိုင်တာပေါ့ ဆရာမ မြင်တာတော့လေ။ ညှိနှိုင်းတာ ဘယ်လို အတိုင်း အတာမျိုးနဲ့ လုပ်သလဲတော့ ဆရာမလည်း မသိဘူးပေါ့နော်။ မညှိနှိုင်းထားဘူးဆိုရင် အဆင်မပြေနိုင်ဘူး အဲဒါတော့လေ။ ဒီလိုပဲ Risk ယူပြီး သွားနေတဲ့ လူတွေကတော့ ရှိတာပေါ့နော်။ ဒါပေမယ့် ဆရာမ မြင်တာတော့ တကယ်တမ်းကျရင်တော့ သူ့ရဲ့ System အရဆိုရင်တော့ အစိုးရနဲ့။ ဒီအဖွဲ့တွေနဲ့က နားလည်မှု ယူရမယ်။ မယူလို့မရဘူး။ တကယ့် တိုင်းပြည် မျက်နှာကို ကြည့်မယ်ဆိုရင်တော့ အစိုးရ ပေါ့နော်။ အခု ဒါတက်လာမယ့် အစိုးရက တော်တော်ခေါင်းကြီးပါတယ်။ ဒါ သူသေသေချာချာ အဲဒါကို တော့ ကိုင်နိုင်ဖို့လိုတယ်။ အစိုးရကပဲ ဦးဆောင်လုပ်ရမှာ” ဟု ပြောသည်။

မြဝတီကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ်
ထိုင်း- မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်လည် ကောင်းမွန်လာခြင်းသည် နိုင်ငံ့စီးပွားရေး ကောင်းမွန်လာရန်အတွက် အလားအလာများစွာ ရှိနိုင်ကြောင်း၊ အစိုးရအနေဖြင့် ကုန်သွယ်ရေး လမ်းကြောင်းတွင် အခုအခံ ဖြစ်စေသည့် ဂိတ်များ၊ အတားအဆီးများ မရှိအောင် သေချာ စီမံခန့်ခွဲရန် လည်း လိုအပ်သည်ဟု စီးပွားရေးလေ့လာသုံးသပ်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “အဓိက,က ဗမာပြည်ရဲ့ (Export) ရာခိုင်နှုန်း တော်တော်များများက (Border Trade)က လာ တာပေါ့။ လူသုံးကုန်ပစ္စည်းက ထိုင်းက အဓိက အများကြီး ဝင်တာလေ။ ထိုင်းက ဝင်တာနဲ့ တရုတ်က ဝင်တာနဲ့ တူရင်တောင်မှ ထိုင်းက မြဝတီကလာတဲ့ လမ်းကြောင်းက နီးတယ်လေ။ ဆိုတော့ ဒါက အရေး ကြီးတာပေါ့။ ဒါကောင်းတယ်ဆိုရင်တေ့ာ တိုင်းပြည် စီးပွားရေးလည်း ပြန်ကောင်းလာဖို့ အလားအလာ ရှိတာပေါ့။ တစ်ခုရှိတာပေါ့ဗျာ ဒီလမ်းကြောင်းတစ်လျှောက်မှာ တည့်တည့်ပြောရင်တော့ ဂိတ်တွေပေါ့ Barrier ဖြစ်တာပေါ့။ ကုန်သွယ်ရေး သဘောဆို အခုအခံတွေဖြစ်တာပေါ့။ အဲဒါတွေ မရှိအောင်တော့ လုပ်နိုင်ဖို့က ပိုလိုတာပေါ့။ ကုန်သွယ်ရေးမှာက ဒေါ်လာချွေတာတဲ့ မူဝါဒ သဘောမျိုး သွားနေတာကို။ ဒေါ်လာချွေတာတဲ့ မူဝါဒသွားတဲ့အခါကျတော့ သွင်းကုန်မှာ လိုင်စင်ကိစ္စတွေက တော်တော်လေး စိစစ် တာပေါ့။ အဲဒီလိုဖြစ်တဲ့ အခါကျတော့ ပြည်တွင်းမှာဈေးက တအားတက်သွားတာပေါ့။ ပြည်သူအတွက် ကတော့ ဒီဥစ္စာပွင့်တာ ပိုကောင်းတာပေါ့။ ကျန်တဲ့ မူဝါဒအပိုင်းကတော့ အစိုးရက ဘယ်လိုစဉ်းစားမလဲ မသိဘူးပေါ့။ အစိုးရက ဘယ်လိုပဲ စဉ်းစားစဉ်းစား သေချာပေါက် တစ်ခုကတော့ ဒီလမ်းကြောင်း တစ်လျှောက်မှာရှိတဲ့ Barrier တွေပေါ့ အခုအခံဖြစ်တဲ့ ကိစ္စှမှန်သမျှတော့ သေချာလေး စီမံခန့်ခွဲဖို့ လိုတယ်လို့ မြင်ပါတယ်” ဟု ပြောသည်။
အာရှလမ်းပြန်ဖွင့်သည့် အချိန်မှစတင်ကာ မြဝတီမှ ကျုံဒိုးအထိ တပ်မတော်နှင့် BGF ပူးပေါင်း၍ လမ်းတစ်လျှောက် လုံခြုံရေးယူထားပြီး ဂိတ်နေရာများ ဆောက်လုပ်နေသည်ဟု ဒေသခံပြည်သူများမှ တဆင့် သိရသည်။

ကုန်သွယ်ရေးလမ်းပေါ်မှာ လက်နက်ကိုင်ထားသူ တစ်ဦး လမ်းလျှောက်နေစဉ်
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်နေ့က စတင်ကာ တပ်မတော်နှင့် KNU-PDF များကြား တိုက်ပွဲများ ပြင်းပြင်း ထန်ထန် ဖြစ်ပွားခဲ့ပြီးနောက် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို ပိတ်ထားခဲ့သည်။
အာရှလမ်း ပြန်လည်ဖွင့်လှစ်ခြင်းသည် ပြည်သူလူထု အခက်တွေ့စေသည့် ကုန်စျေးနှုန်း မြင့်တက်မှုဒဏ် များကို များစွာ လျှော့ချစေနိုင်ကြောင်း၊ ကုန်စည် စီးဆင်းမှုများစွာ မြင့်တက်လာနိုင်ကြောင်း၊ ပြည်သူ လူထု သွားလာရေး အဆင်ပြေ ချောမွေ့မှုများ ရှိလာနိုင်သည်ဟု ပြည်သူများက ထောက်ပြကြသည်။
လက်ရှိတွင် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို အစိုးရက ဖွင့်လှစ်လိုက်ပြီးဖြစ်သော် လည်း ကရင်ပြည်နယ်အတွင်းမှာရှိသည့် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တစ်စုံတစ်ရာ ဆွေးနွေး ညှိနှိုင်းမှု မရှိကြောင်း သိရသည်။
ထို့ကြောင့် ကုန်သွယ်ရေးလမ်းကို အသုံးပြု၍ တရားဝင် ကုန်သွယ်မှုများ လုပ်ရန် မဖြစ်နိုင်သေးကြောင်း၊ လုံခြုံရေး အာမခံချက် မရှိဘဲ ကုန်သွယ်ရေးလုပ်ပါက ဆုံးရှုံးနစ်နာမှုများ ရှိလာနိုင်ကြောင်း စစ်ရေးနှင့် နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။
