CNI News
၂၀၂၆ ခုနှစ်၊ မေလ ၁၁
မန္တလေး-အင်းတော်-မြစ်ကြီးနားလမ်းကြောင်းကို အစိုးရဘက်က အပြည့်အဝ လုံခြုံအောင် ဆောင်ရွက်ပေးနိုင်မှ သာ ကုန်စည်စီးဆင်းမှု ပြန်လည်အားကောင်းလာပြီး ကုန်ဈေးနှုန်းကျဆင်းလာမည်ဟု ဒေသတွင်း ပြည်သူလူထုက ပြောသည်။
မန္တလေး၊ သပိတ်ကျင်း-မတ္တရာ-တကောင်း-ထီးချိုင့်-အင်းတော်-မော်လူး-နန့်စီးအောင်-မိုးညှင်း-မိုးကောင်း- မြစ်ကြီးနား ကားလမ်းကို KIA နှင့် PDF တပ်ဖွဲ့များက ထိန်းချုပ်ထား၍ ကုန်စည်စီးဆင်းမှုများ ရပ်တန့်ပြီး ဒေသတွင်း ကုန်ဈေးနှုန်းများ အဆမတန် ကြီးမြင့်မှုဒဏ်ကို ပြည်သူများ ရင်ဆိုင်ခဲ့ကြရသည်။
ထို့နောက် မြန်မာ့တပ်မတော်က ၁ နှစ်နှင့် ၃ လကျော်ကြာ စစ်ဆင်ရေးများ လုပ်၍ မန္တလေး-အင်းတော်-မြစ်ကြီး နား လမ်းကြောင်းကို ၂၀၂၆ ခုနှစ်၊ မေလ ၆ ရက်တွင် ပြန်လည် ထိန်းချုပ်ကာ ဖွင့်လှစ်ပေးခဲ့သည်။
သို့သော်လည်း လမ်းကြောင်းတစ်လျှောက် အပြည့်အဝ ပြန်လည် မထိန်းချုပ်နိုင်ပါက ပြည်သူလူထုများ ကြုံတွေ့ နေရသည့် ကုန်ဈေးနှုန်းမြင့်တက်မှုကို လျော့ကျစေနိုင်မည် မဟုတ်ကြောင်း မြစ်ကြီးနားဒေသခံများက ထောက်ပြ ကြသည်။

မန္တလေး-အင်းတော်-မြစ်ကြီးနား လမ်းကြောင်းကို တပ်က ထိန်းချုပ်လိုက်စဉ်
မြန်မာ့တပ်မတော် အနေဖြင့် လမ်းပိုင်းကို ထိန်းချုပ်ရာတွင် ပြည်သူလူထုနှင့် ပူးပေါင်းပြီး လုပ်ဆောင်ပါက ပို၍ ထိရောက် အဆင်ပြေနိုင်မည်ဖြစ်ကြောင်း မြစ်ကြီးနားဒေသခံ ခွန်တူးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီလမ်းကြောမှာပဲ သူတို့က မြို့ကိုပဲ ပြန်သိမ်းနိုင်တယ်ဆိုပေမယ့် ဒီလမ်းကြော တစ်လျှောက်မှာ အားလုံး မထိန်းချုပ်နိုင်ဘူးဆိုရင် ကျနော်တို့ သွားလာတော့ အဆင်ပြေတယ်။ ဒါပေမယ့် အခွန်တော့ ပေးဆောင်နေရမှာပဲ။ အခွန်ပေးဆောင်နေရရင် ကုန်ဈေးနှုန်းကတော့ တအားကြီး ကျသွားမယ်လို့တော့ မထင်ဘူးပေါ့။ သူက ဒီနယ်မြေ ကို စိုးမိုးထားပြီဆိုလို့ရှိရင် လမ်းကြောတစ်လျှောက်လုံးကို လုံခြုံရေး အပြည့်အဝ ပေးနိုင်ရင် ပိုအဆင်ပြေမှာ။ ပြည်သူလူထုနဲ့ ပေါင်းလိုက်ရင်တော့ ပြည်သူလူထု ဆိုတာက သိပ်အရေးကြီးတယ်လေ။ PDF တွေ၊ ရန်သူက ဘယ်မှာနေတယ်ဆိုတာ ပြည်သူလူထုက အသိဆုံး။ အဲဒါကြောင့်မို့လို့ ပြည်သူလူထုနဲ့ ပူးပေါင်းပြီး လုပ်ဆောင် သွားမယ်ဆိုရင်တော့ ရမယ်လို့တော့ အဆင်ပြေမယ်လို့တော့ ထင်တယ်” ဟု ပြောသည်။
လက်ရှိတွင် မန္တလေး - အင်းတော် - မြစ်ကြီးနားလမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်ပြီး သွားလာခွင့် ပြုထားသော်လည်း ကုန်စည်ကားများထက် အိမ်စီးကားများသာ သွားလာလျက်ရှိနေကြောင်း၊ မန္တလေး - ရွှေဘို - မြစ်ကြီးနား လမ်းပိုင်း ကိုသာ အသုံးပြုနေကြကြောင်း သိရသည်။
ထို့နောက် ပြည်သူလူထုနှင့် ကုန်သည်များ အနေဖြင့် မန္တလေး-ရွှေဘို-မြစ်ကြီးနား လမ်းကြောင်းကနေ မဟုတ်ဘဲ မန္တလေး-အင်းတော်-မြစ်ကြီးနား လမ်းကြောင်းကို သွားရောက်ကြရန် တိုက်တွန်းထားသည်။
လမ်းကြောင်းကို ပြန်လည် ထိန်းချုပ်ပြီး ဖွင့်လှစ်ပေးသည့် မည်သည့်တပ်ဖွဲ့မဆို ထိုလမ်းကြောင်းတွင် သွားလာ သော ပြည်သူလူထု၏ လုံခြုံရေးကို တာဝန်ယူရမည်ဟု ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကွမ်ဂေါင်အောင် ခမ်းက CNI သတင်းဌာနသို့ ပြောသည်။

မန္တလေး-အင်းတော်-မြစ်ကြီးနား လမ်းကြောင်းကို တပ်က ထိန်းချုပ်လိုက်စဉ်
၎င်းက “အဲဒီဟာကတော့ ဘယ်သူပဲ ထိန်းချုပ် ထိန်းချုပ်ပေါ့ဗျာ။ ဒီလမ်းမကြီးကိုတော့ ဖွင့်စေချင်တာပေါ့။ ဖွင့် လို့ရှိရင် အဆင်ပြေ ချောမွေ့စွာ ဖြစ်ဖို့တော့ လိုအပ်တာပေါ့။ ဖွင့်သာဖွင့်ပြီးမှ သွားဖို့လာဖို့ အစစ်အဆေးရှိမှ၊ ဘယ်ဘက်ကပဲ ဖွင့်ဖွင့် အစစ်အဆေး ရှိရင်တော့ ပြည်သူလူထု အတွက်က အခက်အခဲတော့ ကြုံနေရမှာပဲ။ ဒါ့ကြောင့်ပဲ ကျနော်တို့ လိုတာကတော့ လမ်းတွေ ပုံမှန်အတိုင်းပဲ ဖွင့်ပေးဖို့ပဲ လိုအပ်ပါတယ်။ လုံခြုံရေးကတော့ လမ်းဖွင့်တဲ့ ဘက်ကနေပဲ PDF တွေ၊ တပ်ပေါင်းစုတွေ သူတို့ထိန်းချုပ်တုန်းက သူတို့ လုံခြုံရေးယူတဲ့ အပိုင်းရှိသလို အခု စကစအနေနဲ့ သူတို့ ဖွင့်တဲ့အပိုင်းတွေ လုပ်လာပြီဆို သူနဲ့သက်ဆိုင်တဲ့ တပ်တွေက တာဝန်ယူပြီး ဖွင့်ဖို့တော့ ရှိလာမှာပါ” ဟု ပြောသည်။
ယခင် လမ်းကြောင်းကို တော်လှန်ရေး အင်အားစုများ ထိန်းချုပ်ထားချိန်တွင် မန္တလေး - မြစ်ကြီးနားလမ်းကို ၄ ရက်မှ ၆ ရက်အထိ ဖြတ်သန်းသွားလာကြရပြီး တစ်ခါတစ်ရံ ကားရာနှင့်ချီ ပိတ်မိနေမှုများလည်း ဖြစ်ပေါ်ခဲ့သည်။
လက်ရှိ ဖွင့်လှစ်လိုက်သည့် မန္တလေး - အင်းတော် - မြစ်ကြီးနား လမ်းပိုင်းတွင် အဆင်ပြေစွာ သွားလာနိုင်ပါက မန္တလေးနှင့် မြစ်ကြီးနားကို နေ့ချင်းပြန် သွားလာ၍ ရနိုင်မည်ဖြစ်ပြီး မြစ်ကြီးနား အပါအဝင် ကျန်ဒေသများ ကုန်ဈေးနှုန်း အထိုက်အလျောက် ပြန်လည် ကျဆင်းလာစေရန် ဒေသခံများက မျှော်မှန်းလျက်ရှိသည်။
ထို့အပြင် ကားလမ်းထက် မန္တလေး - မြစ်ကြီးနား ရထားလမ်းကို ဖွင့်လှစ်ပေးနိုင်ပါက ကုန်စည်စီးဆင်းမှုနှင့် ဆက်သွယ် သွားလာရေးအတွက် ပို၍ အဆင်ပြေမည်ဖြစ်သည်ဟု မြစ်ကြီးနားဒေသခံများက ပြောသည်။
