CNI News

၂၀၂၆ ခုနှစ်၊ ဖေဖဝါရီ ၃

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်းမှ စတင်ကာ အခြေခံစားသောက်ကုန် ဈေးနှုန်းများ တဖြေးဖြေး တက်လာခြင်းက ဘာကြောင့်လဲ မေးခွန်းထုတ်လာသလို ကုန်ဈေးနှုန်းကို ဘယ်လိုထိန်းချုပ်မလဲ ဆိုသည့်အပေါ် အားလုံးကစဉ်းစားလာနေကြသည်။

လက်ရှိ မြန်မာနိုင်ငံ၏ ရန်ကုန်မြို့တွင် ဆင်းသုခ တစ်အိတ်လျှင် ငွေကျပ် ၈၅,၀ဝဝ၊ ပေါ်ဆန်းတစ်အိတ်လျှင် ငွေကျပ် ၂၀ဝ,ဝဝ၀ ကျော်နှင့် ကြက်ဥ တစ်လုံးလျှင် ၃၅၀ ကျပ်အထိ ရောက်ရှိနေကာ အခြေခံလူတန်းစားများမှာ စားဝတ်နေရေး ကျပ်တည်းလျက်ရှိနေသည်။

သို့သော် တခြားသော မြို့ပြများတွင် ရန်ကုန်မြို့ရှိ ကုန်ဈေးနှုန်းထက် အဆမတန် ကြီးမြှင့်လျက်ရှိကြောင်း၊ ဥပမာ အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၌ ကြက်ဥ တစ်လုံးလျှင် ၁၅၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိ ရှိနေ သည်။

မြန်မာနိုင်ငံတွင် လုပ်သားအင်အား ရှားပါးမှု ပြဿနာများကို ဖြေရှင်းနိုင်စွမ်းမရှိလျှင် ကုန်စျေးနှုန်းက ဆက်တက် နေနိုင်ကြောင်း၊ ကုန်ထုတ်လုပ်မှု အားကောင်းမှ ကုန်ဈေးနှုန်းကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း စီးပွားရေး လုပ်ငန်း ရှင် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။

တမူးမြို့ထဲက ဈေးကိုတွေ့ရစဉ်

၎င်းက “ကုန်စျေးနှုန်း ဆိုတာမျိုးကကျတော့ ပုံမှန်အားဖြင့်ကတော့ ကုန်ပစ္စည်းတွေရဲ့ ဝယ်လိုအားနဲ့၊ ရောင်းလို အားပေါ် မူတည်ပြီးတော့ စျေးနှုန်း အတက်အကျ ဆိုတာရှိတယ်ပေါ့။ ဘာကြောင့် တက်ရလဲပေါ့။ ကုန်သည်တွေ ကြောင့် တက်ရသလား၊ ကုန်စျေးနှုန်းက သို့မဟုတ်လို့ရှိရင် ကြားထဲမှာ ဖြစ်နေတဲ့ ကုန်ပစ္စည်းသယ်ယူတဲ့ လမ်းကြောင်း တစ်လျှောက်မှာဖြစ်နေတဲ့ အခြေအနေတွေကြောင့် ကုန်စျေးနှုန်းက တက်ရသလားပေါ့။ နိုင်ငံရဲ့ လက်ရှိ ကုန်စျေးနှုန်း တက်တာကတော့ အခြေခံ ကုန်ထုတ်လုပ်မှု စွမ်းအားတွေ ကျနော်တို့မှာ အားနည်းချက်တွေ ဖြစ်တယ်၊ လုပ်သားပြဿနာတွေပါ ကျနော်တို့ ရှိနေတယ်။ ဆိုတော့ ဒီအပိုင်းလေးတွေက ကျနော်တို့ ကုန်စျေးနှုန်း တက်ရစေတဲ့ အဓိက အချက်ဖြစ်ပါတယ်။ ပြည်တွင်းမှာ စားသောက်ကုန်တွေ ရှိတယ်ဆိုပေမဲ့ ဘာလို့စျေးတက်လဲ ဆို ပြည်တွင်းမှာ ထုတ်ရုံနဲ့ မလုံလောက်ဘူးပေါ့။ အဓိက,က မြေယာတို့၊ လုပ်သားတို့၊ အရင်းအနှီးတို့ အစရှိ သဖြင့် ဒီဘောဂဗေဒနဲ့ ပြန်တွက်ကြည့်မယ်ဆိုရင် ဒီလိုဟာတွေ ပြည့်စုံမှ ကျနော်တို့ တွက်လို့ရတဲ့ အပိုင်းတွေရှိတယ်။ နေ့စဥ်ပေါ့နော် နေ့စဥ် စရိတ်စကတွေ၊ လုပ်အားခ ပြဿနာတွေ ဒါတွေက ပမာန တစ်ခုအနေနဲ့ တက်လာတာဖြစ် တဲ့အတွက် ဒီလိုမျိုး တက်လာရတာ ဖြစ်ပါတယ်။ စျေးနှုန်းလျော့ကျအောင်လုပ်ဖို့က အစိုးရတွေနဲ့၊ ဗဟိုဦးစီးစနစ် နဲ့ ကျနော်တို့က အလုပ်လုပ်လို့မရဘူး။ ကျနော်တို့က ဒီရှားပါးမှု ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်း မရှိဘူးဆိုရင် တော့ ကုန်စျေးနှုန်းကတော့ ဆက်တက် နေအုန်းမှာပဲ။ အဲ့ဒီလို ကုန်စျေနှုန်း တက်တာကို ထိန်းချုပ်မယ်ဆိုလို့ရှိရှင် ကုန်ပစ္စည်းတွေ ပေါပေါများများ ထုပ်လုပ်နိုင်ဖို့တွက် လူစွမ်းအား အရင်းအမြစ်တွေ ထုတ်လုပ်နိုင်ဖို့ လိုတယ်၊ အရင်းအနှီးတွေ ရှိဖို့လိုတယ်၊ လုပ်ငန်းတွေ တွင်တွင်ကျယ်ကျယ် လုပ်နိုင်အောင်လို့ ဆောင်ရွက်ပေးနိုင်ဖို့ လိုတယ် ပေါ့။ ဒီလို အချက်အလက်တွေ ပြည့်စုံသွားမှပဲ ကုန်ပစွည်းတွေက ကျနော်တို့ စျေးနှုန်းတွေက ထိန်းချုပ်နိုင်တဲ့ အခြေအနေ တစ်ခုကို ရောက်မှာပါ။ အဲ့ဒီလို မဟုတ်ပဲနဲ့တော့ ကုန်ပစွည်းတွေကို စျေးနှုန်း ထိန်းချုပ်ဖို့ဆိုတာ ခက်ခဲ နေပါအုံးမယ်”ဟု ပြောသည်။

ကုန်စျေးနှုန်း မြင့်တက်ခြင်းနှင့်ပတ်သက်၍ ပိုမိုမြင့်မားသော အကြောင်းခြင်းရာများကို ယာယီဘေးဖယ်ထား ကြည့်ပါက အခြေခံအကျဆုံး အကြောင်းတရားသုံးခုကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထိုအခြေခံ အကြောင်းတရားမှာ  ဝယ်လိုအားမြင့်တက်ခြင်း၊  ရောင်းလိုအား လျော့ကျခြင်းနှင့် ငွေကြေးဖောင်းပွမှုတို့ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်း ရှင်များက ထောက်ပြကြသည်။

လက်ရှိ ကုန်စျေးနှုန်း တက်ရသည့် အချက်က သွင်းကုန် တင်သွင်းခွင့်ရရန် စီးပွားကူးသန်းလိုင်စင်များ လျှောက်ရာ တွင် ကြာနေခြင်းကြောင့် စျေးများတက်ရခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

အခြေခံ ကုန်စိမ်းများ ရောင်းချနေကြစဉ်

၎င်းက “သယ်ယူပို့ဆောင်ရေးမှာ တစ်ပိုင်းပေါ့။ ထုတ်ကုန်သွင်းကုန်ရဲ့ ပေါ်လစီကတစ်ပိုင်း ဆက်နေတာပေါ့။ တချို့ဟာတွေက မြန်မာပြည်မှာ one stop အကုန်လုံး ထုတ်နေတာ မဟုတ်ဘူး။ တချို့ဟာက အပြင်က သွင်းကို သွင်းရတဲ့ဟာတွေ ရှိတာကို။ အပြင်က သွင်းရတဲ့ဟာမှာ သွင်းခွင့်ရဖို့ အတွက်ပေါ့နော်၊ စီးပွားကူးသန်းမှာ လိုင်စင် တွေလျှောက် အကြာကြီးတွေဖြစ်။ အဲ့ဒီလိုမျိုးတွေ ဖြစ်နေတဲ့ဟာတွေကနေမှ ဒုက္ခတွေ ရောက်ပြီးတော့မှ စျေးတွေ က တက်လာတယ်။ လွှတ်တော်ထဲမှာ ဆိုလို့ရှိရင်တော့ အဓိက အခုလောလောဆယ် ဖြစ်နေတဲ့ ဒီသွင်းကုန် ထုတ် ကုန် ကိစ္စတွေပေါ့နော်။ ကုန်သည်တွေ အကုန်လုံး ဒုက္ခရောက်နေတယ်၊ စီးပွားရေးသမားတွေ အကုန်လုံး ဒုက္ခ ရောက်နေတဲ့ကိစ္စပဲ။ အဲ့ဒီဟာကို ပြင်ဖို့အတွက် လွှတ်တော်ထဲမှာ အဆိုတင်သွင်း လိုက်တာနဲ့ တစ်ပြိုင်နက်က ဒီအပေါ်မှာ တင်သွင်းတဲ့ ကိုယ်စားလှယ်က သေသေချာချာကို ပြောပြနိုင်ပြီးတော့မှ ဆုံးဖြတ်ချက် ချလို့ရှိရင် ဝန်ကြီးဌာနက ကျော်လွန်ပြီး ဒါမျိုးတွေ လုပ်သွားလို့ ရပါတယ်။ ဒါကြီးက စက်ဝိုင်းကြီး တစ်ခုလိုပဲ အားလုံးက ပတ်သက် ဆက်နွယ်နေတဲ့ အတွက်ပေါ့နော်”ဟု ပြောသည်။

ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် ပြည်တွင်း ထုတ်လုပ်မှုများဖြင့် အစားထိုး ဆောင်ရွက်သင့်ကြောင်း လုပ်ငန်းရှင် အချို့က အကြံပြု ပြောကြားလျက်ရှိသည်။

ထို့နောက် ပြည်သူများ အနေဖြင့်လည်း ကုန်ဈေးနှုန်း ကြီးမြင့်သည့်အတွက် ငွေကြေးကို ယခင်ထက် ပိုမို၍ ချင့်ချိန် သုံးစွဲနေကြရ‌သည်။

မြန်မာပြည်သူလူထုသည် ရွေးကောက်ပွဲ အလွန် တက်လာမည့် အစိုးရသစ်နှင့် လွှတ်တော်ကနေ ကုန်ဈေးနှုန်း ထိန်းချုပ်ပေးနိုင်ရန်နှင့် ကုန်ဈေးနှုန်း ကြီးမြှင့်မှု လျှော့ချနိုင်ရေး ဆောင်ရွက်ပေးရန် မျှော်လင့်လျက်ရှိသည်။