CNI News

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၉

အစိုးရတစ်ရပ်သည် စီးပွားရေးလုပ်ငန်း ကဏ္ဍများ၌ လုပ်ကိုင်ဆောင်ရွက်သည့် အခါတွင် စီးပွားရေးသမား တစ်ယောက်ကဲ့သို့ ရှုမြင်သုံးသပ်၍ တိုင်းပြည်အကျိုး၊ ပြည်သူ့အကျိုးကို ရှေးရှုပြီး ပွင်းလင့်မြင်သာစွာ လုပ်ကိုင် ဆောင်ရွက်ရန် လိုအပ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေးလေ့လာသုံးသပ်သူများက ထောက်ပြ ကြသည်။

လက်ရှိတွင် ပြည်သူများ၊ လုပ်ငန်းရှင်များ ရင်ဆိုင်ကြုံတွေ့နေရသည့် ပြဿာနာသည် လျှပ်စစ်မီး ပြဿနာသာ ဖြစ်ပြီး ရေရှည်ကုန်ထုတ်လုပ်မှု လုပ်ငန်းတွင် လျှပ်စစ်မီး ပြဿနာသည် များစွာ သက်ရောက်မှုရှိကြောင်း၊ အစိုးရ အနေဖြင့် စီးပွားရေးလုပ်ငန်း လုပ်သည့်အခါ စီးပွားရေးသမားကဲ့သို့ ရှုမြင်ရန် လိုအပ်သည်ဟု စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “လျှပ်စစ်မီးပြဿနာကို ဖြေရှင်းဖို့လိုတယ် မဖြစ်ဖြစ်တဲ့နည်းနဲ့ ဖြေရှင်းရမယ်။ မဖြစ်ဖြစ်တဲ့ နည်းဆိုတာက ဘယ်လိုလဲဆိုတော့ အရင်တုန်းကလိုမျိုးပေါ့၊ အိမ်တွေမှာ လုပ်ငန်းတွေမှာဆို ပါဝါမီတာတို့ အိမ်သုံးမီတာတို့ အစရှိ သဖြင့် နှစိမျိုးလောက်တော့ ခွဲထားတယ်။ ဒါပေမယ့် အဲဒီထက်ကို  ပိုပြီးတော့ မဖြစ်မနေကွာ မင်းတို့ မီးပျက်ကို မပျက်ရဘူး အဲလိုမပျက်တဲ့အတွက် မင်းတို့ မီတာတစ်ယူနစ်ကို ဘယ်လောက်ယူမယ် အဲဒီကောင်ကို ပေးနိုင်ရင် ပေးကြ။ ပေးနိုင်တဲ့ကောင်တွေ အဲဒီပိုက်ဆံနဲ့ ရမယ်ဆိုတဲ့ဟာမျိုးပေါ့လေ။ ရဲရဲတင်းတင်းပေါ့ မူဝါဒ changes ဆို တာ ဒါမျိုးတွေ လုပ်ရမယ်။ အဲ့လိုဆို ကြိုက်တဲ့သူရှိမယ် မကြိုက်တဲ့သူလဲရှိမယ်။ အဲ့ဒီလိုမျိုးပုံစံတွေ လုပ်နိုင်တဲ့ အခြေအနေမျိုးအထိကို အစိုးရက  ဖန်တီးရမယ်။ ပြောချင်တာက ကြိုက်ရောင်းကြိုက်ဝယ်ပေါ့လေ။ အစိုးရကို အစိုးရလို့မမြင်ပဲနဲ့ အစိုးရတစ်ရပ်က စီးပွားရေးလုပ်ငန်း အလုပ်လုပ်တဲ့အခါမှာ စီးပွားရေးသမား တစ်ယောက်လို ရှုမြင်သုံးသပ်ပြီးတော့ ငါ့တိုင်းပြည်ရဲ့ စီးပွားရေးမှာ ငါကဘာထုတ်ရောင်းပြီးတော့ ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဘယ်လိုဖြည့်မလဲ ငါတို့လည်း ဘယ်လောက်ထိ အရှုံးခံမလဲပေါ့နော်။ အရှုံးထဲက ငါတို့ ဘယ်လောက် လုပ်မလဲဆို တဲ့ ဒါမျိုးတွေနဲ့ ညှိညှိနှိုင်းနှိုင်း ပွင့်လင်းမြင်သာမှုရှိစွာနဲ့ လုပ်သွားဖို့လိုတယ်” ဟု ပြောသည်။ 

အခြေခံလူတန်းစားများကို တွေ့ရစဉ်

မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် အစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်များ မည်ကဲ့သို့ ပူးပေါင်း ဆောင်ရွက်သင့် သလဲ ဆိုသည်ကို နည်းလမ်းရှာဖွေရန် လိုအပ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေးလေ့လာ စောင့် ကြည့်သူများက ထောက်ပြကြသည်။ 

အစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ရာတွင် အစိုးရအနေဖြင့် စနစ်ကျသည့် မူဝါဒများကို နည်းမှန်လမ်းမှန် ချမှတ်ရန် လိုအပ်ကြောင်း၊ လုပ်ငန်းရှင်များ အနေဖြင့်လည်း ထိုချမှတ်ထားသည့် မူဝါဒများကို လိုက်နာမှသာ မိမိတို့လုပ်ငန်း ရှေရှည်တိုးတက်မည်ဆိုသည့် ယုံကြည်မှုမျိုး အစိုးရအပေါ်ရှိရန် လိုအပ်သည်ဟု စီးပွားရေးလေ့လာသုံးသပ်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။ 

စားသောက်ကုန်ဈေးကို တွေ့ရစဉ်

၎င်းက “ကျနော် ခုနကပြောတဲ့ထဲမှာ ပါသွားပြီလေ။ (Tycoon) တွေပေါ့။ ကျနော် ဥပမာပေးသွားတာ သဘောက။ အဓိက,ကဗျာ Tycoon တွေ ပိုက်ဆံရှာတယ်ဆိုတာ နိုင်ငံခြားက ပိုက်ဆံမပါဘူး ရိုးရိုးသားသား ပြောရရင်။ ဗမာ ပြည်ထဲက ပိုက်ဆံတွေချည်းပဲ။ ဒါမျိုးတွေက ရေရှည်မှာ ဖြစ်လို့မရဘူး။ သူတို့လည်း နိုင်ငံတကာ စီမံနိုင်စွမ်း ရှိတဲ့ အဆင့်ကို ရောက်မလာဘူး။ ငါတို့သည် နည်းမှန်လမ်းမှန် စနစ်ကျကျ စမတ်ကျ ကျ ကိုင်တွယ်တာ။  အဲဒီ စမတ်ကျကျ စနစ်ကျကျ နောက်ကို မင်းတို့ လိုက်ခဲ့၊ ရအောင်လိုက်။ အဲဒီတော့ လုပ်ငန်း ရှင်တွေ ဘက်ကလည်း ဘယ်လို စဉ်းစားရမှာလဲဆိုတော့ ငါတို့သည် နည်းမှန်လမ်းမှန် စမတ်ကျကျ သွားတော့ (System) ကျကျ သွားတော့မှ ငါတို့သည်လည်း ရေရှည်မှာ တိုးတက်မယ်ဆိုတဲ့ ယုံကြည်မှုမျိုး အစိုးရပေါ် ရှိရမှာ ပေါ့။ အဲဒီနှစ်ခု အပြန်အလှန် လိုတာပေါ့။ အစိုးက (Policy maker) ပေါ့၊ Policy ကို ချတဲ့လူကလည်း စချတဲ့ ဒီ Policy သည် (Professional) ဖြစ်ရမှာပေါ့။ အဲဒီ (professional) သည် ဘယ်သူ့အကျိုးလဲ၊ တိုင်းပြည်အကျိုး တစ်နည်းအားဖြင့်ပြောရင် လုပ်ငန်းရှင်ကြီးတွေ အကျိုးပါတာပေါ့။ အဲဒီတော့ ငွေရလွယ်တာ။ တစ်ခုရှိတာပေါ့ Business Income နဲ့ Earning နဲ့ ကွဲဖို့လိုတာပေါ့။ ပြဿနာက ဘာလဲဆိုတော့ Earning နဲ့ Business Income နဲ့က မကွဲဘူးဖြစ်နေတယ်။ (Business Income) ဆိုတာတော့ Business ကို Business နဲ့ တူအောင်လုပ်မှပဲ အလုပ်က တိုးတက်လာမှာလေ။ တစ်ခုတော့ ရှိတာပေါ့ တစ်ဖက်အပိုင်းက သူတို့ချည်းပဲ အပြစ်တင်လို့မရဘူး။ တစ်ဖက်အပိုင်းကလည်း စီးပွားရေး ပတ်၀န်းကျင် ကောင်းအောင် လုပ်ပေးရမှာပေါ့” ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေး မတည်မငြိမ်မှုကနေ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး အားနည်းခြင်း၊ လျှပ်စစ်ဓာတ်အား အလုံအလောက် မရရှိခြင်း၊ လုပ်သား အရင်းအမြစ် ရှားပါးလာခြင်း၊ နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့ခံရခြင်း စသည့် အခြေအနေများကြောင့် စီးပွားရေး ကျဆင်းလျက်ရှိနေသည်။

ထို့ကြောင့် ၂၀၂၆ ခုနှစ်၊ ဧပြီလတွင် ဖွဲ့စည်းမည့် အစိုးရသစ်နှင့် လွှတ်တော်သည် မြန်မာ့စီးပွားရေး ပြန်လည် ဦးမော့လာအောင် အပြန်အလှန် ထိန်းကြောင်း၍ မူဝါဒကောင်းများ ချမှတ်ရန် အားလုံးက မျှော်လင့်နေကြသည်။