CNI News

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၃

မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းသို့ ပြည်ပမှ ရင်းနှီးမြှုပ်နှံလာမှုများကို သတိထား၍ လက်ခံ ဆောင်ရွက်သင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေးကျွမ်းကျင်သူများက CNI သတင်းဌာနသို့ ပြောသည်။ 

လက်ရှိ တနင်္သာရီတိုင်းဒေသကြီး၌ ထားဝယ်အထူးစီးပွားရေးဇုန်(SEZ)တွင် ရင်းနှီးမြှုပ်နှံရန် တရုတ်၊ အိန္ဒိယ၊  ရုရှား၊ ထိုင်းနှင့် စင်္ကာပူတို့ ကြိုးပမ်းနေသည်။

ထို့နောက် စင်္ကာပူအခြေစိုက် ကုမ္ပဏီတစ်ခုကလည်း သဘာဝဓာတ်ငွေ့ စတင်တူးဖော်ရန် စီစဉ်နေသည်။

ပြည်ပမှ ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများသည် လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေကို သိရှိထားကြ၍ အလွယ်တကူ ရယူလိုသည့် ပုံစံမျိုးနှင့် ဝင်လာသော ကုမ္ပဏီများရှိနိုင်သဖြင့် စာချုပ်စာတမ်းများ သဘောတူ လက်မှတ်ရေးထိုး မည်ဆိုပါက သေချာလေ့လာသုံးသပ်ရန်လိုကြောင်း စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။

 အိန္ဒိယသံအမတ်နဲ့ တနင်္သာရီတိုင်းဝန်ကြီးချုပ်ကို တွေ့ရစဉ်

၎င်းက “အခုအချိန်မှာ ကျနော်တို့ဆီကို foreign investment ဝင်တယ်ဆိုတာ သိန်းနဲ့ချီပြီး ထီပေါက်သလိုမျိုးပဲ တကယ် ကံကောင်းတယ်လို့ ပြောရမှာပေါ့ ဒါပထမတစ်ပိုင်းပါ။ ဒါပေမယ့် အဲဒီလို foreign investment ဝင်လာ တယ် ဆိုတိုင်းလည်း လက်မှတ်မထိုးဖို့ အရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်လာ တာကို ကျနော်တို့အနေနဲ့ မလိုချင်တာ မဟုတ်ဘူး။ အခုချိန်မှာ ကျနော်တို့နိုင်ငံရဲ့ အခြေအနေကို နိုင်ငံတကာက သိတယ်။ ဒီလိုကုမ္ပဏီကြီးတွေက ပိုပြီးနားလည်ကြတယ်။ အဲဒီတော့ ဒီနိုင်ငံမှာတော့ အချိုအချောင် ရမှာပဲဆိုတဲ့ ပုံစံမျိုးနဲ့ ဝင်လာတဲ့ စာချုပ်စာတမ်းတွေကိုတော့ ကျနော်တို့အနေနဲ့ သေသေချာချာ လေ့လာသုံးသပ်ဖို့လိုတယ်။ ပြီးတော့ ပွင့်လင်းမြင်သာစွာနဲ့ ပြည်သူကို ချပြဖို့လိုတယ်။ ဘယ်အစိုးရပဲတက်တက် ဘယ်သူပဲလုပ်လုပ် အဲဒီလိုမှ မချပြဘူးဆိုရင် ကျနော်တို့အတွက် နစ်နာမှုတွေ ဖြစ်လာနိုင်စရာ အကြောင်းရှိတယ်” ဟု ပြောသည်။

တနင်္သာရီကမ်းရိုးတန်းသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အတွက် စူးအက်တူးမြောင်း-အရှေ့အလယ်ပိုင်းဒေသတို့ နှင့် ဆက်သွယ်မည်ဆိုပါက ခရီးအတိုဆုံးနှင့် အဆင်ပြေ အဆီလျော်ဆုံးဖြစ်ကြောင်း ဘန်ကောက်ပို့စ်တွင် ၂၀၂၅ ခုနှစ်၊ နှစ်ဆန်းပိုင်းက ဖော်ပြထားသည်။ 

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းသည် ၂၀၀၈ ခုနှစ်က ထိုင်းနှင့် မြန်မာတို့အကြား နားလည်မှု စာချွန်လွှာဖြင့် စတင်ခဲ့ကြခြင်းဖြစ်ပြီး နှောင့်နှေးမှုများကြောင့် စာချုပ်ဖျက်သိမ်းခဲ့ကြကြောင်း၊ လက်ရှိတွင် ရင်းနှီးမြှုပ်နှံသူအသစ် ထပ်မံဖိတ်ခေါ်ထားကြောင်း သိရသည်။

ထို့ပြင် အိန္ဒိယနှင့် ပစိဖိတ်သမုဒ္ဒရာတို့ကို ပေါင်းကူးပေးနိုင်ကာ အရှေ့တောင်အာရှဒေသနှင့် တောင်အာရှ ဒေသတို့ ကိုလည်း ချိတ်ဆက်ပေးနိုင်ကြောင်း၊ ထို့နောက် စီမံကိန်းတွင် ရေနက်ဆိပ်ကမ်းတစ်ခု ပါဝင်ပြီး သင်္ဘော အသွားအလာ ရှုပ်ထွေးသည့် မလက္ကာရေလက်ကြားကို ရှောင်ကွင်းနိုင်ဖွယ်ရှိကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကို တွေ့ရစဉ်

စီမံကိန်းတစ်ခုကို အကောင်အထည် ဖော်သည့်အခါတွင် နိုင်ငံအတွက် ရရှိနိုင်သည့် အကျိုးအမြတ်နှင့် နစ်နာမှုများ ကို သေချာထည့်သွင်းစဉ်းစားရန်လိုကြောင်း စီးပွားရေနှင့် ဘဏ်ရေးရာကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “Environmental impact က အရေးကြီးတာပေါ့။ အခုက EIA SIA လုပ်ကြတာပေါ့။ အဲဒါက အဖြစ်ပဲ။ ဒါ တစ်အချက်ပေါ့။ နောက်တစ်ချက်က ကျနော်တို့က project evaluation ပေါ့။ feasibility study ပေါ့ ဖြစ်မြောက် နိုင်စွမ်းလေ့လာတယ်။ ဒီဘက်မှာတော့ ရိုးရိုးသားသားပြောရရင် အားနည်းတာပေါ့။ ဒါတွေက အလကား subject တွေ မဟုတ်ဘူးလေ။ တော်တော်လေး အရေးကြီးတာပေါ့။ project ဘာညာလုပ်ကြရင် လက်တန်းလုပ်ကြတာ များတယ်လေ။ အဲဒီလိုတော့ မဖြစ်စေချင်ဘူး။ feasibility study ကို သေချာလုပ်မယ်။ Environmental ကို သေချာလုပ်မယ်။ နောက်တစ်ခါ ကိုယ်က ဘယ်လောက်ရမလဲပေါ့။ economic internal rate of return ဒါက တော့ ကမ္ဘာ့အဆင့်ပေါ် မူတည်ပြီး စဉ်းစားရမှာပေါ့။ တစ်ခုအားသာချက်ရှိတာက gas income သည် US ‌ဒေါ်လာ နဲ့ ရမှာလေ။ ကျပ်ငွေနဲ့ ရမယ်ဆို inflation rate တွေဘာတွေ ခံစားရစေဦးမယ်။ သူ့ရဲ့ exchange rate lost ပေါ့ ဒါကိုသိပ် ခံစားရဖို့ အကြောင်းမရှိဘူး။ ၂ ချက်က ဘာလဲဆိုတော့ feasibility study ပေါ့ လုပ်ငန်းစီမံကိန်း။ ဆိုတာ ကို သေချာ ဂဃနဏ လုပ်စေချင်တာပေါ့။ တစ်ခုရှိတာက ထိုင်းတို့ စင်ကာပူတို့ဆိုတာက feasibility study သေချာ မလုပ်ဘဲနဲ့ အလုပ်တစ်ခုကို စလုပ်တဲ့အပိုင်းတော့ မရှိဘူး။ ဒါက သူတို့စဉ်းစားပြီ လုပ်ပြီဆို သေချာပြီပေါ့။ တစ်ချက်က ကိုယ့်နိုင်ငံက ဘယ်လောက် အကျိုးအမြတ်ရမလဲ။ ဘယ်လောက်နစ်နာမလဲ။ ဘယ်လောက် ကောင်း မလဲ advantage and disadvantages ဒါကိုတော့ feasibility study လုပ်တဲ့အခါ ကျနော်တို့ဘက်က စဉ်းစား သင့် စဉ်းစားအပ်တဲ့ side တွေကိုတော့ သေချာစဉ်းစားရမှာပေါ့” ဟု ပြောသည်။

ထိုသို့ ပြည်ပရင်းနှီးမြှုပ်နှံမှုများကြောင့် တနင်္သာရီဒေသသည် ကမ္ဘာ့အဆင့်မီ ဖြစ်သွားနိုင်ကြောင်းလည်း စီးပွားရေး လုပ်ငန်းရှင်နှင့် စီးပွားရေးကျွမ်းကျင်သူများက သုံးသပ်ကြသည်။

လက်ရှိအချိန်အထိ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိ သည့် ရတနာ၊ ရဲတံခွန်၊ ဇောတိက၊ ရွှေကမ်းလွန်စီမံကိန်းကြီး လေးခုရှိကြောင်း၊ ထပ်မံရှာဖွေ၊ တူးဖော်၊ ထုတ်လုပ် နိုင်ရေး ဆောင်ရွက်လျက်ရှိသည့် ကမ်းလွန်စီမံကိန်းကြီး နှစ်ခုရှိ၍ စုစုပေါင်း ကမ်းလွန်စီမံကိန်းကြီး ခြောက်ခုရှိ သည်။

ထိုထဲတွင် မုတ္တမကမ်းလွန် လုပ်ကွက် (M-10)(မင်းရဲသူစီမံကိန်း)သည် နိုင်ငံတော်၏ သတ္တမမြောက် ကမ်းလွန် စီမံကိန်းကြီး ဖြစ်သကဲ့သို့ နစက,လက်ထက် ပထမဦးဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့် ကမ်းလွန် စီမံကိန်း တစ်ခုဖြစ်ကြောင်း သိရသည်။