CNI International News

နယူးယောက်၊ ဇွန်လ ၁၂

တရုတ်နှင့်အမေရိကန် အရာရှိများသည် ဗြိတိန်နိုင်ငံ၊ လန်ဒန် (London) မြို့တော်တွင် ကုန်သွယ်ရေး ဆွေးနွေးပွဲ များကို ၂ ရက်ကြာ ပြုလုပ်ခဲ့ပြီးနောက် တင်းမာမှုများအား လျှော့ချရန် မူဘောင်တစ်ခု ရေးဆွဲရေးအတွက် သဘောတူညီခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။

စူပါပါဝါ နှစ်နိုင်ငံကြား ဆက်ဆံရေးများတွင် အဓိက ပွတ်တိုက်မှု ဖြစ်နေသည့် အချက်မှာ နည်းပညာမြင့်ပစ္စည်း များ ထုတ်လုပ်ရာတွင် မရှိမဖြစ် လိုအပ်သော မြေရှားသတ္တုများနှင့် သံလိုက်များကို တရုတ်က တင်ပို့ရောင်းချမှု ကန့်သတ်ထားသည့်အချက်ဖြစ်သည်။

ထိုအချက်ကို ဖြေရှင်းနိုင်ခဲ့ပြီဖြစ်ကြောင်း အမေရိကန်ကုန်သွယ်ရေးဝန်ကြီး ဟောင်းဝပ် လုစ်နစ် (Howard Lutnick) က သတင်းထောက်များကို ပြောကြားခဲ့သည်။

အမေရိကန်နဲ့တရုတ် ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ ဆွေးနွေးကြစဉ်

ဧပြီလအတွင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ကုန်သွယ်ခွန်များ တိုးမြှင့်ကောက်ခံမှု ကြောင့် ဖြစ်ပွားခဲ့သည့် ကုန်သွယ်ရေးစစ်ပွဲကို အဖြေရှာရန် ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက် ပြုလုပ်သွားမည် ဖြစ်သည်။

ယခုပြုလုပ်ခဲ့သည့် ဆွေးနွေးမှုများသည် ၂ ရက်အတွင်း နာရီပေါင်း ၂၀ ကျော် ကြာမြင့်ခဲ့ပြီး အမေရိကန်ဘက်မှ ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့် (Scott Bessent) ၊ ကုန်သွယ်ရေးဝန်ကြီး ဟောင်းဝပ် လုစ်နစ်နှင့် ကုန်သွယ်ရေး ကိုယ်စားလှယ် ဂျေမီဆန် ဂရီယာ (Jamieson Greer) တို့ ပါဝင်ခဲ့သည်။

တရုတ်ကိုယ်စားလှယ်အဖွဲ့ကိုမူ တရုတ်အစိုးရ၏ ထိပ်သီး ဆွေးနွေးညှိနှိုင်းသူ ဒုတိယဝန်ကြီးချုပ် ဟီလီဖန် (He Lifeng) က ဦးဆောင်ခဲ့သည်။

သဘောတူညီချက်ကို အကောင်အထည် ဖော်နိုင်ခဲ့သဖြင့် မြေရှားသတ္တုများနှင့် သံလိုက်များ ရောင်းဝယ်ရေးနှင့် ပတ်သက်သည့် စိုးရိမ်စရာကိစ္စများ လျော့ကျသွားပြီဖြစ်ကြောင်း လုစ်နစ်က ပြောကြားခဲ့သည်။

အမေရိကန်နဲ့တရုတ် ကိုယ်စားလှယ်အဖွဲ့ကို တွေ့ရစဉ်

သို့သော် ဧပြီလက တရုတ်၏ ကုန်စည်းများအပေါ် အခွန် ၁၀၀ ရာခိုင်နှုန်းကျော် တိုးမြှင့်ကောက်ခံသည့် ထရမ့်၏ ဆုံးဖြတ်ချက်ကြောင့် မေလတွင် အမေရိကန်သို့ တင်ပို့သည့် တရုတ်ကုန်စည်များသည် ပြီးခဲ့သည့်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၃၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကာ ထိုပြဿနာကို ဖြေရှင်းနိုင်ခြင်းမရှိသေးပေ။

အပြန်အလှန် ကုန်သွယ်ခွန်များ တိုးမြှင့်ကောက်ခံနေမှုကို ဖြေရှင်းရန် ပြီးခဲ့သည့်လက ဂျီနီဗာ (Geneva) တွင် ပြုလုပ်ခဲ့သည့် ကနဦး ကုန်သွယ်ရေး သဘောတူညီချက်အတွက် ဆွေးနွေးမှုများသည်လည်း တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် စွပ်စွဲမှုများဖြင့်သာ အဆုံးသတ်ခဲ့သည်။

သို့သော် ကုန်သွယ်ရေးစစ်ပွဲသည် နှစ်နိုင်ငံစလုံးကို ထိခိုက်စေခဲ့ပြီး တရုတ်က မြေရှားသတ္တုများ တင်ပို့မှုကို ကန့်သတ်ခဲ့ကာ အမေရိကန်ကလည်း တစ်ပိုင်းလျှပ်ကူးပစ္စည်းများ တင်ပို့မှုကို ကန့်သတ်ခဲ့သည်။

တရုတ်၏ ထိန်းချုပ်မှုကြောင့် ကမ္ဘာလုံးဆိုင်ရာ မြေရှားသတ္တုများ ထောက်ပံ့မှု ကွင်းဆက် ရပ်ဆိုင်းသွားခဲ့ပြီး ယခုနှစ် နွေရာသီတွင် မော်တော်ယာဉ် ထုတ်လုပ်မှု လုပ်ငန်းများ ရပ်ဆိုင်းသွားရမည့် အခြေအနေနှင့် ရင်ဆိုင်ခဲ့ရ သည်။

Source: Nikkei Asia