CNI International News

ဘေဂျင်း၊ မေလ ၁

တရုတ်သည် အမေရိကန်၏ ကုန်သွယ်ခွန်များ တိုးမြှင့်ကောက်ခံမှုကို တုံ့ပြန်သည့် အနေဖြင့် ဝါဒဖြန့် ယန္တရားကို ပိုမိုအရှိန်မြှင့်တင်နေသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထို့နောက် စစ်အေးကာလက ရုပ်ပုံများအား အသုံးပြု၍ ဗွီဒီယိုများကို လူမှုမီဒီယာများတွင် ဖြန့်နေသည်။

ထိုဗွီဒီယိုများထဲတွင် နယ်ချဲ့များကို ပြင်းထန်စွာ ဝေဖန်ထားပြီး တရုတ်အနေဖြင့် ဒူးထောက် အညံ့ခံသွားမည် မဟုတ်ကြောင်း ပြောကြားထားသည်။

အမေရိကန်၏ ကုန်သွယ်ခွန်များ တိုးမြှင့်ကောက်ခံမှုသည် အနိုင်ကျင့် ဗိုလ်ကျခြင်းဖြစ်ပြီး ဖန်တနိုင်းကဲ့သို့ မူးယစ်ဆေးဝါးများ စီးဆင်းမှုကို ဖြေရှင်းနိုင်မည် မဟုတ်ဘဲ ကမ္ဘာ့ဒုတိယ စီးပွားရေး အင်အားအကြီးဆုံး တရုတ်၏ တိုးတက်လာမှုကိုလည်း တားဆီးနိုင်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဧပြီ ၂၉ ရက်က ထုတ်ပြန်ခဲ့သည့် ဗွီဒီယိုတစ်ခုတွင် အင်္ဂလိပ်ဘာသာစကားကို အမေရိကန် လေယူလေသိမ်းဖြင့် ပြောကြားထားသည့် နောက်ခံစကားပြောသံ ပါဝင်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ကုန်သွယ်ခွန် ၁၄၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမှုသည် အဆိပ်ကို သောက်သုံးနေခြင်းနှင့် တူညီနေကြောင်း ပြောကြားခဲ့သည်။

တရုတ်အလံလွှင့်ထားတဲ့ အဆောက်အအုံကို တွေ့ရစဉ်

“တရုတ်က ဒူးထောက်သွားမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ဟာ ပူးပေါင်းဆောင်ရွက်မှု အလားအလာကို ဖွင့်ပေးထားဖို့ ပြင်ဆင်ထားပါတယ်။ တစ်ချိန်တည်းမှာပဲ ပူးပေါင်းဆောင်ရွက်မှုကို အဆုံးသတ် ပစ်ဖို့လည်း ဝန်လေးမှာ မဟုတ်ပါဘူး”ဟု ထိုဗွီဒီယိုတွင် ပြောကြားထားသည်။

အဆိုပါ နောက်ခံ စကားပြောသံနှင့်အတူ ကိုရီးယားစစ်ပွဲအတွင်းက အမေရိကန် ဂျက်လေယာဉ်တစ်စင်းကို တရုတ်၏ MiG-15 တိုက်လေယာဉ်က ပစ်ချနေသည့် ဗွီဒီယိုမှတ်တမ်းကို ဖော်ပြထားသည်။

“နယ်ချဲ့တွေဆိုတာ အမြဲတမ်း ရန်လိုနေပါတယ်။ သူတို့ကတော့ မလွှဲသာလို့ လုပ်လိုက်ရတာဆိုတဲ့ အကြောင်း ပြချက်ကိုပဲ ပေးလေ့ရှိပါတယ်” ဆိုသည့် နောက်ခံစကားပြောသံနှင့်အတူ ကိုရီးယားစစ်ပွဲကို အဆုံးသတ်စေခဲ့သည့် စစ်ပြေငြိမ်းရေး သဘောတူညီချက် လက်မှတ်ရေးထိုးသည့် ဗွီဒီယိုမှတ်တမ်းကို ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) ကလည်း ထရမ့်၏ ကုန်သွယ်ရေး မူဝါဒသည် ကြီးနိုင်ငယ်ညှင်း ဖြစ်သည့် တောတွင်းဥပဒေကို ပြန်လည်အသက်သွင်းခြင်းဖြစ်ကြောင်း ဧပြီ ၂၈ ရက်က ပြောကြားခဲ့သည်။

တရုတ်၏ WeChat လူမှုမီဒီယာတွင်လည်း ထရမ့်၊ ဒုသမ္မတ ဗန့်စ် (Vance) နှင့် Tesla ကုမ္ပဏီအကြီးအကဲ အီလွန်မာ့စ် (Elon Musk) တို့ ၃ ယောက်သည် စက်ရုံတစ်ရုံတွင် ဖိနပ်များ ထုတ်လုပ်နေသည့်ပုံကို AI ဖြင့် ဖန်တီးပြီး မျှဝေခဲ့သည်။

Source: ရိုက်တာ