CNI International News
ဝါရှင်တန်၊ မတ်လ ၁၀
တရုတ်သည် အမေရိကန်နှင့် ဖြစ်ပွားနေသော ကုန်သွယ်ရေးစစ်ပွဲတွင် ယခင်လက်ထက်က အခြေအနေများကို သုံးသပ်၍ နည်းဗျူဟာ ပြောင်းလဲဖွယ်ရှိကြောင်း အေပီသတင်းဌာနမှ ဖော်ပြခဲ့သည်။
အမေရိကန်၏ အခွန်များ တိုးမြှင့်ကောက်ခံမှုနှင့်ပတ်သက်ပြီး အငြင်းပွားမှုများကို အဖြေရှာရန် ကနေဒါနှင့် မက္ကဆီ ကို ခေါင်းဆောင်များက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် ဖုန်းဆက်သွယ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) ကမူ ထိုကဲ့သို့ လုပ်ဆောင်ဖွယ်မရှိကြောင်း ပြော သည်။
တရုတ်သည် အမေရိကန်နှင့် ဆက်ဆံရေးတွင် ကနေဒါ၊ မက္ကဆီကိုတို့နှင့် မတူဘဲ အမေရိကန်နှင့်လည်း နှစ်ပေါင်း များစွာကြာ ကုန်သွယ်ရေးနှင့်နည်းပညာစစ်ပွဲ ဖြစ်ပွားခဲ့သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ကို တွေ့ရစဉ်
ထို့ကြောင့် ကနေဒါနှင့် မက္ကဆီကိုတို့က ထရမ့်နှင့် ဖုန်းဆက်သွယ် ဆွေးနွေးမှုများ ပြုလုပ်နေချိန်တွင် တရုတ်က မတူကွဲပြားသည့် ချဉ်းကပ်မှုကို လုပ်ဆောင်ခဲ့ပြီး မည်သည့် ဆွေးနွေးညှိနှိုင်းမှုမဆို သာတူညီမျှ လုပ်ဆောင်သင့် ကြောင်း ရှင်းလင်းစွာ ပြောကြားခဲ့သည်။
တရုတ်ခေါင်းဆောင်များကလည်း အမေရိကန်နှင့် ဆွေးနွေးပွဲများအတွက် လမ်းဖွင့်ထားကြောင်း ပြောကြားခဲ့ သော်လည်း အမေရိကန်၏ အခွန်တိုးကောက်မှု အတွက်လည်း ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း ပြောကြား ခဲ့သည်။
အမေရိကန်သမ္မတ ထရမ့်သည် တရုတ်၏ ပို့ကုန်များအပေါ် အခွန် ၂၀ ရာခိုင်နှုန်း တိုးမြှင့် ကောက်ခံခဲ့ပြီးနောက် တရုတ်ကလည်း ပြီးခဲ့သည့် သီတင်းပတ်မှစပြီး အမေရိကန်၏ ကုန်စည်များကို အခွန်များ ပြန်လည် တိုးမြှင့် ကောက်ခံခဲ့သည်။
“အမေရိကန်က အခွန်တိုးကောက်မယ်ဆိုရင် ကျနော်တို့ဘက်ကလည်း လက်တုန့်ပြန်ဖို့ကလွဲပြီး ကျန်တာ ရွေးစရာမရှိပါဘူး။ တရုတ်က ဆွေးနွေးချင်စိတ်မရှိတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဆွေးနွေးဖို့အတွက်လည်း အသနားခံတာမျိုးတွေ လုပ်မှာမဟုတ်ပါဘူး”ဟု ဝါရှင်တန်အခြေစိုက် Stimson Center မှ တရုတ်ရေးရာ ညွှန်ကြားရေးမှူး ဆွန်းယန်း (Sun Yun) က ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
“ရှီကတော့ နိုင်ငံရေးနဲ့ မဟာဗျူဟာ အကြောင်းတရားတွေအရ သူ့အတွက် ထိခိုက်နစ်နာမယ့်အရာကို လုပ်မှာ မဟုတ်ပါဘူး။ အမေရိကန်နဲ့ ကုန်သွယ်ရေးစစ်ပွဲမှာ ရှီက အသနားခံမယ့် နေရာမှာ နေမှာမဟုတ်ပါဘူး။ အဲဒီအစား အမေရိကန်ကို ပြန်လည် ထိုးနှက်သွားပါလိမ့်မယ်” ဟု အာရှ လူမှုရေးမူဝါဒ အင်စတီကျုမှ နိုင်ငံတကာ လုံခြုံရေး နှင့်သံတမန်ရေး ဒုဥက္ကဋ္ဌ ဒန်နီယယ် ရပ်ဆဲလ် ( Daniel Russel) က ပြောကြားခဲ့သည်။
တရုတ်သည် ကမ္ဘာ့ဒုတိယစီးပွားရေး အင်အားအကြီးဆုံး နိုင်ငံဖြစ်သည်နှင့်အညီ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စင်မြင့်ထက်တွင် ကြီးမားသည့် အင်အားစုတစ်ခုဖြစ်ပြီး အမေရိကန် အပါအဝင် နိုင်ငံအားလုံး၏ လေးစားမှုကို ရရှိထားသည်။
မတ်လ ၄ ရက်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက အမေရိကန်နှင့်ပတ်သက်ပြီး တင်းမာ သည့် မှတ်ချက်စကားကို ပြောကြားခဲ့ခြင်းဖြင့် အမေရိကန်၏ အခွန်တိုးကောက်မှုကို ပြင်းထန်စွာတုန့်ပြန်ခဲ့သည်။
“တကယ်လို့ အမေရိကန်က တခြား အစီအစဉ်တစ်ခု ရှိနေမယ်ဆိုရင်၊ အမေရိကန်ရဲ့ ဆန္ဒက စစ်ဖြစ်ဖို့ဆိုရင် အခွန် စစ်ပွဲပဲဖြစ်ဖြစ်၊ ကုန်သွယ်ရေးစစ်ပွဲပဲဖြစ်ဖြစ် ဘယ်လိုစစ်ပွဲမျိုးကိုမဆို ကျနော်တို့က အဆုံးအထိ တိုက်သွားဖို့ အဆင်သင့်ပါပဲ”ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက မတ်လ ၄ ရက်တွင် ပြောကြားခဲ့ သည်။
Source: အေပီ