CNI International News

တီဟီရန်၊ မတ်လ ၁၀

အီရန်အနေဖြင့် အမေရိကန်၏ အနိုင်ကျင့် ဗိုလ်ကျမှုများအောက်တွင် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားမည် မဟုတ်ကြောင်း အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီခါမေနီ ( Ayatollah Ali Khamenei) က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က သူသည် အီရန် နျူကလီးယား သဘောတူညီချက်ကို ဆွေးနွေးရန် အီရန်၏ အမြင့်ဆုံးခေါင်းဆောင်ထံ စာတစ်စောင် ရေးသားပေးပို့ခဲ့ကြောင်း ပြောကြားခဲ့ပြီးနောက် ခါမေနီ၏ မှတ်ချက်စကား ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

ထရမ့်သည့် Fox Business နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် “အီရန်လုပ်နိုင်တာ ၂ ခုရှိပါတယ်။ စစ်ရေးအရ အရေးယူခံမလား ဒါမှမဟုတ် သဘောတူညီချက်အတွက် ဆွေးနွေးမလား ဆိုတာပါပဲ” ဟု ပြောကြားခဲ့သည်။

ခါမေနီကမူ အီရန်အစိုးရ အရာရှိများနှင့် ပြုလုပ်သည့် အစည်းအဝေးတွင် အမေရိကန်သည် ၎င်းတို့၏ တစ်ဖက် သတ် ထင်မြင်ယူဆချက်များကို အကောင်အထည်ဖော်ရန်သာ ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။

“ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ ပတ်သက်ပြီး အနိုင်ကျင့်ဗိုလ်ကျတဲ့ အစိုးရအချို့ရဲ့ တောင်းဆိုမှုတွေဟာ ပြဿနာတွေကို မဖြေရှင်းနိုင်ပါဘူး။ သူတို့ရဲ့ တောင်းဆိုချက်တွေက အီရန်ရဲ့ နျူကလီးယား စီမံကိန်းအတွက်သာ မဟုတ်ဘဲ လုံးဝ လက်ခံလို့မရတဲ့ သူတို့ရဲ့ ထင်မြင်ယူဆချက်တွေကို ဖော်ပြနေတာဖြစ်ပါတယ်”ဟု ခါမေနီက ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အီရန်ခေါင်းဆောင် အလီခါမေနီကို တွေ့ရစဉ်

ခါမေနီ၏ မှတ်ချက်စကားများကို တုန့်ပြန်သည့် အနေဖြင့် အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဘရိုင်ယန် ဟုချ် (Brian Hughes) ကလည်း အီရန်အပေါ် သမ္မတထရမ့်၏ ပြောကြားချက် ကဲ့သို့ တင်းမာသည့် စကားလုံးများဖြင့် ပြောကြားခဲ့သည်။

“အီရန် အစိုးရအနေနဲ့ ကြောက်မက်ဖွယ် အခြေအနေတွေထက် သူ့ပြည်သူတွေနဲ့ အကောင်းဆုံး အကျိုးစီးပွားတွေ ကို ရှေ့တန်းတင်ဖို့ ကျနေည်တို့ မျှော်လင့်ပါတယ်”ဟုချ်က ပြောကြားခဲ့သည်။

မတ်လ ၇ ရက်တွင် ထရမ့်က သူသည် အီရန်၏ အမြင့်ဆုံးခေါင်းဆောင်ထံ စာတစ်စောင် ရေးသားပေးပို့ခဲ့ပြီး အီရန်၏ နျူကလီးယား စီမံကိန်းနှင့်ပတ်သက်ပြီး ဆွေးနွေးပွဲအသစ်များ ပြုလုပ်ရန် တိုက်တွန်းခဲ့ကြောင်း၊ သို့သော် အီရန်အနေဖြင့် ငြင်းဆိုမည်ဆိုပါက  စစ်ရေးဖြင့် အရေးယူသွားမည်ဟု သတိပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘက်စ် အာရက်ချီ (Abbas Araghchi) ကမူ အီရန်သည် မတ်လ ၈ ရက်အထိ အမေရိကန်သမ္မတထံမှ ပေးပို့သည့်စာကို လက်ခံရရှိခြင်း မရှိသေးကြောင်း ပြောကြားခဲ့သည်။

Source: ရိုက်တာ