CNI International News
ဝါရှင်တန်၊ ဇွန်လ ၄
အီရန်၏ အငြင်းပွားဖွယ် နျူကလီးယား စီမံကိန်းပြဿနာကို အဆုံးသတ်ရန်အတွက် အမေရိကန်၏ အဆိုပြုချက်ကို အီရန်က ငြင်းဆိုရန် ပြင်ဆင်ထားကြောင်း အီရန်သံအမတ်တစ်ဦးက ဇွန်လ ၂ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုအဆိုပြုချက်သည် အီရန်၏ အကျိုးစီးပွားများအတွက် ကောင်းကျိုးမရှိစေဘဲ အမေရိကန်၏ သဘောထား ပျော့ပြောင်းလာခြင်း မရှိကြောင်း အီရန် ဆွေးနွေးညှိနှိုင်းရေးအဖွဲ့နှင့် နီးစပ်သည့် သံတမန်တစ်ဦးက ပြောကြားခဲ့ သည်။
“အီရန်က အမေရိကန်ရဲ့ အဆိုပြုချက်ကို ငြင်းဆိုဖို့ ပြင်ဆင်နေပါတယ်” ဟု ထိုသံတမန်က ရိုက်တာသတင်းဌာန ကို ပြောကြားခဲ့သည်။
နျူကလီးယား သဘောတူညီချက်အသစ် ရရှိရန်အတွက် အမေရိကန်၏ အဆိုပြုချက်ကို မေလ ၃၁ ရက်တွင် အိုမန်နိုင်ငံခြားရေးဝန်ကြီး ဆေးယစ် ဘာဒါ အယ်လ်ဘူဆိုင်ဒီ (Sayyid Badr Albusaidi) က တီဟီရန် (Tehran) မြို့တော်သို့ သွားရောက်သည့် ခရီးစဉ်အတွင်း အီရန်အာဏာပိုင်များအား တင်ပြခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘက်စ် အာရက်ချီ (Abbas Araqchi) နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ အရှေ့အလယ်ပိုင်းသံတမန် စတိဗ် ဝစ်ကော့ဖ် (Steve Witkoff) တို့ကြား ဆွေးနွေးညှိနှိုင်းမှု ၅ ကြိမ်ပြုလုပ်ခဲ့ပြီး အလုံးစုံ သဘောတူညီမှု မရရှိသေးပေ။
အီရန်နဲ့အမေရိကန် အလံကို တွေ့ရစဉ်
အီရန်အနေဖြင့် ယူရေနီယံသန့်စင်မှုကို ရပ်တန့်ရန် အမေရိကန်က တောင်းဆိုထားပြီး အီရန်က ထိုတောင်းဆိုချက် ကို ငြင်းဆိုခဲ့သည်။
ထို့ပြင် နျူကလီးယား ဗုံးများပြုလုပ်ရန် ကုန်ကြမ်းပစ္စည်းများ ဖြစ်လာနိုင်သည့် အဆင့်မြင့် သန့်စင်ပြီး ယူရေနီယံ များကို ပြည်ပနိုင်ငံသို့ လွှဲပြောင်းအပ်နှံရမည်ဆိုသည့် တောင်းဆိုချက်ကိုလည်း အီရန်က ငြင်းဆိုခဲ့သည်။
အီရန်ကမူ ၎င်းသည် နျူကလီးယား နည်းပညာကို ငြိမ်းချမ်းသည့် ရည်ရွယ်ချက်ဖြင့် အသုံးပြုရန်ဖြစ်ပြီး အနောက်နိုင်ငံများ စွပ်စွဲခဲ့သည့်အတိုင်း နျူကလီးယား လက်နက် ပြုလုပ်ရန် ရည်ရွယ်ချက် မရှိကြောင်း ပြောကြားခဲ့သည်။
အမေရိကန်၏ အဆိုပြုချက်တွင် အီရန်၏ ယူရေနီယံသန့်စင်မှု စီမံကိန်းအပေါ် အမေရိကန်၏ သဘောထားသည် ပြောင်းလဲခြင်းမရှိဘဲ ပိတ်ဆို့မှုများ ရုပ်သိမ်းမည့် အကြောင်းအရာနှင့်ပတ်သက်ပြီး ရှင်းလင်းစွာ ဖော်ပြချက်များ မပါဝင်ကြောင်း အမည်မဖော်လိုသည့် အီရန်သံတမန်တစ်ဦးက ပြောကြားခဲ့သည်။
Source: ရိုက်တာ