CNI International News
ကိယက်ဗ်၊ ဇွန်လ ၄
ပြီးခဲ့သည့် ရက်ပိုင်းက ရုရှား၏ နျူကလီးယား လက်နက်တပ်ဆင်နိုင်သည့် မဟာဗျူဟာမြောက် လေယာဉ်များ ရပ်နားထားသော ရုရှားလေတပ်စခန်းများကို ယူကရိန်းက ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းသည် ရုရှားစစ်တပ် အတွက် ကြီးမားသည့် ထိုးနှက်ချက် တစ်ခုဖြစ်ခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ဇွန်လ ၁ ရက်က ယူကရိန်း၏ ဒရုန်းတိုက်ခိုက်မှုများကြောင့် ရုရှားဗုံးကြဲလေယာဉ် အစင်း ၄၀ ကျော် ထိခိုက် ပျက်စီးခဲ့ကြောင်း ယူကရိန်းက ပြောကြားခဲ့ပြီး ထိုပမာဏသည် ရုရှား၏ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ် စုစုပေါင်း၏ ၃ ပုံ ၁ ပုံဖြစ်သည်။
သို့သော် ရုရှားကမူ လေယာဉ်အနည်းငယ်သာ ထိခိုက်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
လူမှုမီဒီယာတွင် ထွက်ပေါ်ခဲ့သည့် ဗွီဒီယိုတစ်ခု၌ လေယာဉ်အနည်းငယ် ထိခိုက်ပျက်စီးခဲ့သည်ကို မြင်တွေ့ရသဖြင့် ယူကရိန်းနှင့် ရုရှားတို့၏ ထုတ်ပြန်ချက်များကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
သို့သော်လည်း ထိုတိုက်ခိုက်မှုက ယူကရိန်းသည် ရုရှားနိုင်ငံအတွင်းရှိ မည်သည့်နေရာ၊ မည်သည့် ပစ်မှတ်ကိုမဆို တိုက်ခိုက်နိုင်စွမ်းရှိကြောင်း ပြသရာရောက်ခဲ့ပြီး ရုရှားအတွက် ကြီးမားသည့် စစ်လက်နက်ပစ္စည်းများ ဆုံးရှုံးမှု တစ်ခု ဖြစ်ခဲ့သည်။
ရုရှားရဲ့ လေယာဉ်တွေကို ယူကရိန်းက ဒရုန်းဖြင့် တိုက်ခိုက်လိုက်စဉ်
ရုရှားစစ်ဘက်ဆိုင်ရာ ဘလော့ဂါများကမူ ယူကရိန်း၏ တိုက်ခိုက်မှုကို ၁၉၄၁ ခုနှစ်က အမေရိကန်၏ ပုလဲ ဆိပ်ကမ်းအား ဂျပန်က တိုက်ခိုက်ခဲ့သည့် ဖြစ်ရပ်နှင့် နှိုင်းယှဉ်ပြောဆိုခဲ့ကြသည်။
သို့သော် အချို့ကလည်း ထိုတိုက်ခိုက်မှုတွင် ယူကရိန်းဘက်မှ ထုတ်ပြန်ထားသည့် ထိခိုက်ပျက်စီးမှု ပမာဏထက် နည်းကြောင်း ပြောကြားနေကြသည်။
ယူကရိန်းနှင့် ၃ နှစ်ကြာ ဖြစ်ပွားနေသည့် စစ်ပွဲအတွင်း ရုရှားသည် ယူကရိန်းကို ပဲ့ထိန်းဒုံးကျည်များဖြင့် တိုက်ခိုက် ရန် တာဝေးပျံသန်းနိုင်သော ဗုံးကြဲလေယာဉ်များအား အသုံးပြုခဲ့သည်။
အထူးသဖြင့် Tupolev Tu-95 နှင့် Tu-22M ဗုံးကြဲ လေယာဉ်များကို အသုံးပြုခဲ့သည်။
ဇွန်လ ၁ ရက်က ယူကရိန်း၏ ဒရုန်းတိုက်ခိုက်မှု မဖြစ်ပွားခင် အချိန်အထိ ရုရှားတွင် Tupolev Tu-95 ဗုံးကြဲ လေယာဉ် အစင်း ၆၀ ခန့်ရှိပြီး Tu-22M အစင်း ၅၀ မှ ၆၀ ကြားရှိနိုင်ကြောင်း စစ်ရေးကျွမ်းကျင်သူများက ခန့်မှန်းခဲ့ကြသည်။
Source: အေပီ