CNI International News
ဘန်ကောက်၊ ဇွန်လ ၄
ထိုင်းနှင့်ကမ္ဘောဒီးယားကြား တင်းမာမှုများ မြင့်တက်နေချိန်တွင် ထိုင်းတော်ဝင်လေတပ်(RTAF)သည် နယ်စပ် ဒေသ၌ ကင်းထောက်လှမ်းမှုကို မြှင့်တင်ရန်နှင့် စစ်သားများ၏ အသက်အန္တရာယ်အား လျှော့ချရန် ရည်ရွယ်ချက် ဖြင့် M4 ကာဘိုင် တပ်ဆင်ထားသည့် ဒရုန်းတစ်စင်းကို စမ်းသပ်ခဲ့ကြောင်း The Nation မှ ဖော်ပြခဲ့သည်။
ဇွန်လ ၂ ရက်က ပြုလုပ်ခဲ့သည့် ထိုစမ်းသပ်မှုတွင်း M4 ကာဘိုင် တပ်ဆင်ထားသည့် ဒရုန်းသည် နယ်စပ်ဒေသ တစ်လျှောက် ကင်းလှည့်နိုင်စွမ်းရှိပြီး စမ်းသပ်မှု အောင်မြင်ခဲ့သည်ဟု ဆိုသည်။
M4 ကာဘိုင်တပ်ဆင်ခဲ့သည့် ဒရုန်းကို RTAF က ကာကွယ်ရေး နည်းပညာ အင်စတီကျုနှင့်ပူးပေါင်းပြီး ထုတ်လုပ် ခဲ့ခြင်းဖြစ်သည်။
ထိုင်းနှင့် ကမ္ဘောဒီးယားနယ်စပ် Chong Bok ဂိတ်တွင် နှစ်နိုင်ငံစစ်သားများကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ကမ္ဘောဒီးယား စစ်သားတစ်ဦး သေဆုံးခဲ့သဖြင့် တင်းမာမှုများ မြင့်တက်ခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ထိုဒရုန်းကို စမ်းသပ်ခဲ့ခြင်းဖြစ်သည်။
ထိုင်းစစ်တပ်ကို တွေ့ရစဉ်
ထိုဒရုန်းကို နယ်နိမိတ် ကာကွယ်ရေး မစ်ရှင်များအတွင်း မြေပြင် ကင်းထောက်လှမ်းရေးတပ်ဖွဲ့များ၏ စွမ်းဆောင် ရည်ကို မြင့်တက်စေရန်နှင့် စစ်သားများအတွက် ဘေးအန္တရာယ်ကို လျှော့ချနိုင်ရန် ရည်ရွယ်ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်ဟု RTAF က ထုတ်ပြန်ခဲ့သည်။
သို့သော် နယ်စပ်တွင် ကမ္ဘောဒီးယားနှင့် တင်းမာမှု မြင့်တက်နေ သည့်အချိန်တွင် ထိုဒရုန်းကို ရည်ရွယ်ချက်ရှိရှိ စမ်းသပ်ပြသခဲ့ခြင်း ဟုတ်၊ မဟုတ်ကိုမူ RTAF က ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ခြင်းမရှိပေ။
Source: The Nation