CNI International News

ဘန်ကောက်၊ ဖေဖော်ဝါရီ ၈

စွမ်းအင်အရင်းအမြစ် ကြွယ်ဝသည့် ထိုင်းပင်လယ်ကွေ့ (Gulf of Thailand) အတွင်း ပင်လယ်ရေကြောင်းဆိုင်ရာ နယ်နိမိတ်များ သတ်မှတ်မှုနှင့််ပတ်သက်ပြီး ထိုင်းနှင့် ကမ္ဘောဒီးယားအကြား အငြင်းပွားမှုများကို ဆွေးနွေးသွားရန် နှစ်နိုင်ငံခေါင်းဆောင်များက ဖေဖော်ဝါရီ ၇ ရက်တွင် သဘောတူခဲ့ကြသည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။

ထိုင်းဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက် (Hun Manet) တို့သည် ဘန်ကောက်မြို့တော်တွင် တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံအကြား ဟိုက်ဒရိုကာဘွန် အရင်းအမြစ် များကို ပူးပေါင်းတူးဖော်ရေးအတွက်လည်း ဆွေးနွေးကြမည်ဟု ကြေညာခဲ့သည်။

စွမ်းအင်တင်ပို့မှုများကို မှီခိုနေသည့် ထိုင်းနိုင်ငံသည် ထိုင်းပင်လယ်ကွေ့အတွင်း ခန့်မှန်းခြေ ၁၁ ထရီလျံ ကုဗပေ ရှိသည့်် သဘာဝဓာတ်ငွေ့များနှင့် ကြီးမားသည့် ရေနံသိုက် တည်ရှိသည့် ၂၇၀၀၀ စတုရန်းကီလိုမီတာ အကျယ်ရှိ သည့် ရေပြင်နယ်နိမိတ်အတွင်း ကမ္ဘောဒီးယားနှင့် စွမ်းအင်များ ပူးပေါင်းတူးဖော်ရန် စိတ်အား ထက်သန်လျက်ရှိ သည်။

"ထိုင်းနဲ့ ကမ္ဘောဒီယားဟာ နှစ်စဉ်နှစ်တိုင်း စွမ်းအင်ပမာဏ အများကြီးကို တင်သွင်းခဲ့ပါတယ်။ ကျနော်တို့ဟာ စွမ်းအင်လုံခြုံရေးနယ်ပယ်မှာ ကျနော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့််တင်ဖို့ ဆွေးနွေးပြီး သဘောတူညီခဲ့ ကြပါတယ်"ဟု ဆရီသာက သတင်းထောက်များကို ပြောကြားခဲ့သည်။

ထိုင်းနဲ့ ကမ္ဘောဒီးယား ရေပိုင်နက်ကို တွေ့ရစဉ်

ထို့ပြင် နှစ်နိုင်ငံအကြား ဟိုက်ဒရိုကာဘွန် အရင်းအမြစ်များကို ပူးတွဲတူးဖော်ရေးကို ထပ်မံပြုလုပ်ရန်၊ ပင်လယ် ရေကြောင်းဆိုင်ရာ အသေးစိတ် အချက်အလက်များနှင့်ပတ်သက်ပြီး တိုးတက်မှုများရရှိရန် ကြိုးပမ်းနေသည်။

ထို့နောက် မိမိတို့၏ သယံဇာတများကို တူးဖော်ရေးနှင့် ပတ်သက်သည့် အရေးကိစ္စများကို ဆွေးနွေးရန် သဘောတူ ခဲ့ကြသည်ဟု ဆရီသာက ပြောသည်။

ထိုင်းနှင့်် ကမ္ဘောဒီးယားအကြား နယ်မြေပိုင်ဆိုင်မှု အငြင်းပွားသည့် ပြဿနာကို မည်ကဲ့သို့ ဖြေရှင်းမည်ဆိုခြင်းကို အာဆီယံ အိမ်နီးချင်းနိုင်ငံများနှင့် တရုတ်က အနီးကပ်စောင့်ကြည့်လိမ့်မည်ဖြစ်သည်။

ထိုင်းအရာရှိများကမူ နယ်နိမိတ် အချုပ်အခြာ ပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး နောက်ဆုံး ကြေညာချက်နှင့် သက်ဆိုင် ခြင်းမရှိသည့် ကမ္ဘောဒီးယားနှင့် စွမ်းအင် သဘောတူညီချက် တစ်ခုကို အဆိုပြုခဲ့သည်ဟု အစောပိုင်းက ပြောကြား ခဲ့သည်။ 

ဖေဖော်ဝါရီ ၇ ရက်တွင် ကမ္ဘောဒီးယားနှင့် ထိုင်းဝန်ကြီးများသည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးကိစ္စများတွင် ထိုင်းဗဟိုဘဏ်၏ ပို့ကုန်-သွင်းကုန်ဌာနနှင့် ကမ္ဘောဒီးယား ကုန်သည်ကြီးများအသင်းအကြား နားလည်မှု စာချွန်လွှာတစ်ခု အပါအဝင် နားလည်မှုစာချွန်လွှာ ၅ ခုကို လက်မှတ်ရေးထိုးခဲ့ကြသည်။

 ပင်လယ်ရေပိုင်နက်အတွင်း ရေနံတူးဖော်နေစဉ်

၂၀၂၃ ခုနှစ်က ထိုင်းနှင့် ကမ္ဘောဒီးယားအကြား ကုန်သွယ်မှု တန်ဖိုးသည် ဒေါ်လာ ၈ ဘီလျံရှိခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် နှစ်နိုင်ငံအကြား ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၁၅ ဘီလျံအထိ ရောက်ရှိစေရန် မျှော်မှန်းထားသည်။ 

ထိုင်းသည် ကမ္ဘောဒီးယား၏ ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံများ စာရင်းတွင် အဆင့် ၉ နေရာ၌ ရှိနေသော်လည်း ထိုင်းသို့ လာရောက်သည့် ခရီးသွားများထဲတွင် ကမ္ဘောဒီးယားခရီးသွားများက ထိပ်ဆုံးနေရာမှာ ရှိနေသည်။

ထို့ပြင် နှစ်နိုင်ငံအကြား မော်တော်ယာဉ်၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါး အသုံးအဆောင်များ အပါအဝင် အရေးကြီးသည့် နယ်ပယ်များတွင် ထောက်ပံ့ရေး ကွင်းဆက်ကို မြှင့်တင်ရန် ဆွေးနွေးခဲ့သည်ဟုလည်း ဟွန်မာနက်က ပြောကြားခဲ့ သည်။

Source: Nikkei Asia