CNI News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၈

စက်သုံးဆီဈေးနှုန်း မြင့်တက်လာမှုကြောင့် ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ၏ ခရီးစဉ်နှုန်းထားများအား ပျမ်းမျှ ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်သွားကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က CNI သတင်းဌာနသို့ ပြောသည်။

ခရီးစဉ်များအား ရောင်းချပြီးသည့်နောက်မှ စက်သုံးဆီဈေးနှုန်း ထပ်မံမြင့်တက်သွားသည့် အခါမျိုးတွင် ခရီးသွား ဧည့်သည်များထံမှ နှုန်းထား ထပ်တိုးကောက်ခံ၍ မရတော့သဖြင့် ခရီးသွားလုပ်ငန်းများမှ စိုက်ထုတ်ကာ ကျခံရ သောကြောင့် အခက်အခဲများဖြစ်ကြောင်း ၎င်းက ပြောသည်။

ဦးနောင်းနောင်းဟန် “ခရီးသွားမှာကလေ ကျနော်တို့အခက်အခဲက ဘယ်လိုဖြစ်နေလဲဆိုတော့ ခရီးစဉ်တွေ အတွက်ကို ဈေးနှုန်းတွေ ကြိုတင်တွက်ချက်ထားတာပေါ့။ အဲဒါတွေနဲ့ မကိုက်ညီဘူး ဖြစ်နေတော့။ ခရီးစဉ်တွေက များ သောအားဖြင့်က ၆ လ၊ ၁ နှစ် ဈေးနှုန်းက ကြိုတွက်ထားရတာလေ။ အဲဒီလို ကြိုတွက်ထားတဲ့အခါမှာ အခု စက်သုံးဆီ ဈေးနှုန်းတွေက တက်လာတဲ့အတွက် ကားငှားရမ်းခတွေမှာ အများကြီး ကွာသွားတယ်။ အဲဒီအတွက် ခရီးသွားလုပ်ငန်းမှာ ဈေးနှုန်းတွေ ကြီးမြင့်သွားတာ‌တွေ ဖြစ်တာပေါ့။ အရင်ကထက်စာရင် အများကြီးဈေးနှုန်းတွေ ကြီးမြင့်သွားတာတွေ ဖြစ်ပါတယ်။ အထူးသဖြင့် နယ်ဘက်တွေမှာဆိုရင် စက်သုံးဆီရရှိမှုက အချို့နေရာတွေ မသေ ချာဘူးပေါ့။ မသေချာတဲ့အတွက် ကားငှားရမ်းခ ဈေးနှုန်းတွေကို တိတိကျကျ ပေးနိုင်ခြင်း မရှိဘူးပေါ့။ အဲဒီလို ပေးနိုင်ခြင်း မရှိဘဲနဲ့ ရမ်းပြီးတော့ တွက်ထားရတာမျိုးတွေပဲ ဖြစ်နေပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် စက်သုံးဆီဈေးနှုန်း ကြီးမြင့်မှုသာမက အချို့နေရာများ၌ ဝယ်ယူ၍ မရရှိမှုတို့ကြောင့် ဟိုတယ် လုပ်ငန်းများ၏ အခန်းခ နှုန်းထားများမှာလည်း မီးစက်နှိုး ပေးထားရသဖြင့် ယခင် ၅၀,၀၀၀ ကျပ်အခန်းအား ယခု ၇၀,၀၀၀ ကျပ်အဖြစ်သို့ တိုးမြှင့်ကောက်ယူ လာကြကြောင်းလည်း သိရသည်။

ကမ်းခြေမှာ ခရီးသွားများကိုတွေ့ရစဉ်

တိုက်ပွဲဖြစ်ပွားသည့် ဒေသများတွင် ခရီးသွားဝင်ရောက်မှု မရှိသလောက် ဖြစ်သွားသည့် အနေအထား၌ အချို့ ဟိုတယ်လုပ်ငန်းများတွင် ဝန်ထမ်းလျှော့ချခြင်း၊ ၁၀ ရက်နား ၁၀ ရက်ဆင်းဖြင့် လစာတစ်ဝက် လျှော့ချခြင်းများ ပြုလုပ်လာကြကြောင်းလည်း ဟိုတယ်လုပ်ငန်းရှင်များထံက သိရသည်။

အဆိုပါ အခြေအနေများကြားထဲတွင် စက်သုံးဆီပြဿနာကြောင့် ခရီးသွားဧည့်သည်များအနေဖြင့် ခရီးသွား ကုမ္ပဏီ လုပ်ငန်းများဖြင့် ခရီးသွားလာခြင်းမှာ ယခင်ကထက် ပိုမိုလျော့နည်းလာပြီး ကိုယ်ပိုင်အစီအစဉ်ဖြင့် အုပ်စုလိုက် ခရီးသွားလာကြမှု အဓိကပို၍ များပြားနေသည့်အတွက် ခရီးသွားလုပ်ငန်းမှာ ကျဆင်းနေကြောင်း ခရီးသွားလုပ်ငန်းရှင်များနှင့် ဟိုတယ်လုပ်ငန်းရှင်များက သုံးသပ်ကြသည်။

သို့သော် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဟိုတယ်လုပ်ငန်းများသည် လက်ရှိ တရုတ်နှစ်သစ်ကူးကြောင့် နေရပ်ပြန်ရန် လာရောက်ကြသည့် ခရီးသွားဧည့်သည် အနည်းငယ်ရှိလာသဖြင့် အရှုံးခံကာ ဟိုတယ်ခများကို ဈေးနှုန်းလျှော့ချ၍ တည်းခိုခွင့်ပေးနေကြကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုတယ် လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးဇော်ဇော်က CNI သတင်းဌာနသို့ ပြောသည်။ 

ဦးပိန်းတံတားပေါ်မှာ ခရီးသွားများကို တွေ့ရစဉ်

၎င်းက “ကျနော်တို့ရှမ်း‌မြောက်မှာ စက်သုံးဆီကတော့ ပုံမှန်ဝယ်ယူလို့ ရပါတယ်။ ဒါပေမယ့် ဈေးတော့ ပိုတာပေါ့ ၃၀၀၀ ကျော်လောက် ဝယ်ရတယ် တစ်လီတာကို။ ဒါကလည်း တစ်ဖက်တစ်လမ်းကဆိုရင်တော့ ခရီးသွား လုပ်ငန်းကို ထိခိုက်တဲ့ ကိစ္စတစ်ခုပါပဲ။ အမှန်က ခရီးသွားလာဖို့အတွက် စက်ဆီဈေးနှုန်းကျရင် ကားခတွေကျလာ မယ်။ ကားခတွေ ကျလာတဲ့အခါ ခရီးသွားတွေလည်း ပိုပြီးသွားလာမှု များလာနိုင်တယ်။ အခုလတ်တလောတော့ ကျနော်တို့ဘက်မှာဆိုရင် ကားခတွေလည်း မတန်မဆ ပေးနေရတယ်ဆိုတော့ တော်ရုံတန်ရုံ ခရီးက မလိုအပ်ပဲ မသွားကြတော့တာပေါ့။ အဲဒီလို ဧည့်သည်တွေ ဖြစ်လာတဲ့အတွက် ခရီးသွားကတော့ တော်တော်လေး ကျသွား တယ်။ ရေရှည်ဆိုရင်တော့ ဒါကြီးက တော်တော် ထိခိုက်လာမယ့်ကိစ္စပါ” ဟု ပြောသည်။

ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာန အနေဖြင့် လုပ်ငန်းရှင်များနှင့် ဆွေးနွေးညှိနှိုင်းကာ စက်သုံးဆီအား ခရီးသွား လုပ်ငန်းအတွက် ခွဲတမ်းတစ်ခုအနေဖြင့် သတ်မှတ်ပေးနိုင်မည်ဆိုပါက ခရီးသွားကဏ္ဍ ပြန်လည် မြင့်တက်လာနိုင် ဖွယ်ရှိကြောင်းလည်း ခရီးသွားလုပ်ငန်းရှင်များနှင့် ဟိုတယ်လုပ်ငန်းရှင်များက သုံးသပ်ကြသည်။

လက်ရှိတွင် ပြည်တွင်းခရီးသွားများသည် ကမ်းခြေဒေသများအပြင် ရန်ကုန်-မန္တလေး-ပုဂံ-အင်းလေး စသည့် ခရီးစဉ်ဒေသများသို့ သွားရောက်နေကြခြင်း ဖြစ်သော်လည်း နည်းပါးနေကြောင်း၊ သို့သော် ဖေဖော်ဝါရီလကုန်နှင့် မတ်လပိုင်းတွင် ကျောင်းပိတ်ရက် ရောက်ရှိတော့မည် ဖြစ်သည့်အတွက် ပြည်တွင်းခရီးသွားလာမှု အနည်းငယ် မြင့်တက်လာနိုင်မည်ဟုခန့်မှန်းထားကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။