CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၄

စက်သုံးဆီခြိုးခြံချွေတာ သုံးစွဲရေးနှင့် ပတ်သက်ပြီး နေ့စဉ် အသုံးပြုနေသည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန အပါအဝင် ကျောင်းကြို/ပို့ယာဉ်များ၊ ကုန်စည်ဖြန့်ဖြူးရေးတွင် အသုံးပြုသည့်ယာဉ်များ ခိုင်လုံသည့် အထောက် အထား သို့မဟုတ် ထောက်ခံချက်များ ပါရှိပါက သွားလာနိုင်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီက ၂၀၂၆ ခုနှစ်၊ မတ်လ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

စက်သုံးဆီ ခြိုးခြံချွေတာ သုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်အား ၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက် တွင် ထုတ်ပြန်ကြေညာခဲ့ရာ “စုံ” နံပါတ်ပါအက္ခရာယာဉ်များနှင့် “မ” နံပါတ်ပါအက္ခရာယာဉ်များ အလှည့်ကျ သုံးစွဲ ရမည်ဟု သတ်မှတ်ခဲ့သည်။

ပြည်သူများသွားလာရေး အဆင်ပြေချောမွေ့ စေရန်နှင့် စီးပွားရေး လုပ်ငန်းများ အရှိန်အဟုန်မပျက် လည်ပတ်နိုင် စေရန်အတွက် အဆိုပါ အသိပေး ကြေညာချက်၏ အပိုဒ် ၂၊ အပိုဒ်ခွဲ(ခ)တွင် ဖော်ပြထားသည့် နေ့စဉ် အသုံးပြုနိုင် သည့် မော်တော်ယာဉ်များတွင် အောက်ပါ အကြောင်းကိစ္စများအတွက် အသုံးပြုသည့် မော်တော်ယာဉ်များအား ဖြည့်စွက် ထုတ်ပြန်အပ်သည်ဟု ကာ/လုံကောင်စီက ထုတ်ပြန်ခဲ့သည်။

ထိုမော်တော်ယာဉ်များမှာ (က) စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအတွက် ဝန်ထမ်းကြိုပို့ယာဉ်များ၊ (ခ) ကုန်စည် ဖြန့်ဖြူးရေးတွင် အသုံးပြုသည့် ယာဉ်များ၊ (ဂ) စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအတွက် ရုံးလုပ်ငန်းအသုံးပြုသည့် ယာဉ်များ၊ (ဃ) ကျောင်းကြို/ပို့ယာဉ်များ ပါဝင်သည်။

နေ့စဉ် အသုံးပြုသည့် မော်တော်ယာဉ်များ အနေဖြင့်လည်း သုံးစွဲသည့် အခေါက်ရေ အနည်းဆုံးနှင့် သုံးစွဲသည့် ယာဉ် စီးရေ အနည်းဆုံးဖြစ်အောင် ကန့်သတ် ခြိုးခြံဆောင်ရွက်ကြရန်နှင့် အထက်ပါ အကြောင်းကိစ္စများအတွက် သုံးစွဲသည်မှာ မှန်ကန်ကြောင်း ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါသူများတွင်လည်းကောင်း၊ ယာဉ်များတွင်လည်း ကောင်း သက်ဆိုင်ရာ အလုပ်ဌာန၏ ခိုင်လုံသည့် အထောက်အထား သို့မဟုတ် ထောက်ခံချက်များ ပါရှိရမည်ဟု ကာ/လုံကောင်စီက ထုတ်ပြန်ခဲ့သည်။