CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၅

စက်သုံးဆီတင် သင်္ဘောများ အဆက်အပြတ် ဝင်ရောက်လာနေသည့်အတွက် မြန်မာနိုင်ငံတွင် စက်သုံးဆီ ပြတ်လပ်မှု လုံးဝ မရှိနိုင်၍ စိုးရိမ်စိတ်ကြောင့် မလိုအပ်ဘဲ အချိန်ကုန်ခံပြီး တန်းစီဝယ်ယူခြင်း မပြုကြရန် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းက ၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။

မိမိတို့ အသင်းသည် စက်သုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ဦးဆောင် လမ်းညွှန်မှုဖြင့် အများပြည်သူသို့ စက်သုံးဆီများ တင်သွင်း ရောင်းချဖြန့်ဖြူးပေးလျက်ရှိကြောင်း မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းက ထုတ်ပြန်ခဲ့သည်။

၎င်းက “ လတ်တလော ဖြစ်ပေါ်နေသော အရှေ့အလယ်ပိုင်းဒေသ ကိစ္စရပ်များကြောင့် ပြည်ပမှ စက်သုံးဆီ တင်သွင်းရာတွင် ယာယီကြန့်ကြာမှုအချို့ ရှိနိုင်သော်လည်း ပြည်သူလူထု၏ လိုအပ်ချက်များအတိုင်း စဉ်ဆက် မပြတ် ဖြန့်ဖြူးရောင်းချပေးနိုင်ရန် အရန်စက်သုံးဆီများကို လုံလောက်စွာ ကြိုတင်စီစဉ် ဆောင်ရွက်ထားပြီး ဖြစ်သည့်အပြင် စက်သုံးဆီတင် သင်္ဘောများ အဆက်မပြတ် ဝင်ရောက်လာနေသည့်အတွက် မြန်မာနိုင်ငံတွင် စက်သုံးဆီ ပြတ်လပ်မှု လုံးဝမရှိနိုင်ပါကြောင်း အသိပေးအပ်ပါသည်”ဟု ထုတ်ပြန်ခဲ့သည်။

သို့ဖြစ်ပါ၍ ပြည်သူလူထု အနေဖြင့် စက်သုံးဆီနှင့် ပတ်သက်၍ စိုးရိမ်ကြောင့်ကြမှု မရှိကြပါရန်၊ မိမိသုံးစွဲရန် လိုအပ်သလောက်သာ ဝယ်ယူကြပါရန်နှင့် စက်သုံးဆီများ အလုံအလောက် ရှိပါသဖြင့် စိုးရိမ်စိတ်ကြောင့် မလို အပ်ဘဲ အချိန်ကုန်ခံ၍ တန်းစီဝယ်ယူခြင်း မပြုကြပါရန် မေတ္တာရပ်ခံ အသိပေးအပ်ပါသည်ဟု မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းက ထုတ်ပြန်ခဲ့သည်။