CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂
နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)သို့ သွားရောက်၍ တရားရင်ဆိုင် ဖြေရှင်းနေ သော ဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ (Agent of Myanmar)ကို ပြည်သူလူထုမှ ထောက်ခံရာမှာ သတိပြုရမည့် အချက်များအား နေပြည်တော်က သတင်းထုတ်ပြန်ခဲ့သည်။
Agent of Myanmar အဖွဲ့အနေဖြင့် နိုင်ငံတကာဥပဒေများနှင့်အညီ တရားရင်ဆိုင်ဆဲ ကာလဖြစ်သဖြင့် အားပေး ထောက်ခံမှုများအား လူမှုကွန်ရက်ပေါ်တွင်လည်းကောင်း၊ အဖွဲ့အစည်းများမှ မြို့/ရွာ အသီးသီးတွင် ထောက်ခံ ပွဲများ ပြုလုပ်ရာတွင်လည်းကောင်း အချက် ၄ ချက်ကို အထူးသတိပြု လိုက်နာကြရန် နေပြည်တော်ကနေ သတင်း ထုတ်ပြန်ခဲ့သည်။
ထိုအချက်များမှာ (၁) ICJ တရားရုံးနှင့် တရားသူကြီးများအား ဝေဖန်ပုပ်ခတ်ခြင်း၊ ဖိအားပေးသည့်သဘော ရေးသား ပြောဆိုခြင်းများ လုံးဝမပြုလုပ်ကြရန်၊ (၂) လူမျိုးရေးခွဲခြားသည့် အသုံးအနှုန်းများ ရေးသားပြောဆိုခြင်း၊ လက်ကိုင်ဆိုင်းဘုတ် ပြုလုပ်ခြင်းများ မပြုလုပ်ကြရန်၊ (၃) တိုင်းရင်းသား အမျိုးအမည်တွင် မပါဝင်သည့် တိုင်းရင်း သား အဖြစ် မသတ်မှတ်ထားသည့် လူမျိုးအမည်အား သုံးစွဲပြီး ထိုအမည်အား အမုန်းစကား(Hate Speech)များ မပြုလုပ်ကြရန်၊ (၄) Agent of Myanmar အဖွဲ့အနေဖြင့် နိုင်ငံတကာဥပဒေများနှင့်အညီ သက်သေ အထောက် အထား ခိုင်လုံစွာဖြင့် တရားရုံးတွင် ရင်ဆိုင်ဖြေရှင်းနေကြောင်းကိုသာ ထောက်ခံရေးသား ပြောဆိုကြရန် တို့ ဖြစ်သည်။

၂၀၁၆-၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် နယ်ခြားစောင့်တပ် ကင်းစခန်း ၃၀ ကို အာဆာ(ARSA) အကြမ်းဖက်အဖွဲ့က တစ်ပြိုင်တည် တိုက်ခိုက်ခဲ့ပြီးနောက် ဟိန္ဒူလူမျိုးများ အပါအဝင် ရခိုင်နှင့် တခြားသော လူမျိုးများကို သတ်ဖြတ်ခဲ့သည်။
ထို့နောက် မြန်မာ့တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ရာ ဘင်္ဂါလီများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။
အဆိုပါ အခြေအနေတွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံမှ လူမျိုးသုဥ်း သတ်ဖြတ်မှု ကျူးလွန်သည်ဟု စွပ်စွဲ၍ နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ စွပ်စွဲကာ တရားစွဲခဲ့သည့်အပေါ် မြန်မာနိုင်ငံက တာဝန်ယူ ဖြေရှင်းလျက်ရှိသည်။
ထို့ကြောင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ ICJ မှာ မြန်မာနိုင်ငံအား လူမျိုးသုဥ်း သတ်ဖြတ်မှု စွပ်စွဲချက်အပေါ် စစ်ဆေးလျက်ရှိရာ မြန်မာက ဝန်ကြီး ဦးကိုကိုလှိုင်နှင့် ပြည်ထောင်စုရှေ့နေ့ချုပ် ဒေါ်သီတာဦး တို့ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က သွားရောက် ဖြေရှင်းလျက်ရှိသည်။
မြန်မာနိုင်ငံတွင် ICJ သို့ သွားရောက် တရားရင်ဆိုင် ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့အား ထောက်ခံ ကြောင်း သဘောထား ထုတ်ဖော်ပွဲများ ကျင်းပရန် ပြင်ဆင်လျက်ရှိကြသည်။
