CNI News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၃

နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)သို့ သွားရောက် လျှောက်လဲမည့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ကျွနှ်ပ်တို့ အပြည့်အဝ ထောက်ခံအားပေးပါသည်ဟု မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative)က ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် ပြုလုပ်မည့် ဘင်္ဂါလီအရေးကိစ္စ တရားရုံး ကြားနာပွဲကို မြန်မာကိုယ်စားလှယ်အဖွဲ့အား သမ္မတရုံးဝန်ကြီးဌာန(၂) ဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သည့်အဖွဲ့က ဦးဆောင် လျှောက်လဲမည်ဖြစ်သည်။

ဝန်ကြီး ဦးကိုကိုလှိုင်နှင့်အတူ ဥပဒေရေးရာဝန်ကြီးဌာန ဝန်ကြီး ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး လည်း လိုက်ပါသွားကြောင်း၊ မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်က နယ်သာလန်နိုင်ငံ သို့ ထွက်ခွာသွားပြီဖြစ်သည်။

ICJ တရားရုံးကြားနားပွဲကို ဇန်နဝါရီ ၁၂ ရက်မှ ဇန်နဝါရီ ၂၉ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံက ဇန်နဝါရီ ၁၆ ရက်မှ ၂၀ ရက်အထိ တစ်ကြိမ်၊ ဇန်နဝါရီ ၂၈ ရက်မှ ဇန်နဝါရီ ၂၉ ရက်အထိ တစ်ကြိမ် စုစုပေါင်း ၂ ကြိမ် လျှောက်လဲမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့၏ ထုတ်ပြန်ချက်ကို တွေ့ရစဉ်

မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့က “ မြန်မာကိုယ်စားလှယ်အဖွဲ့၏ ICJ သို့ တင်ပြချက်များသည် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် အမှန်တရားကို မြတ်နိုးတန်ဖိုးထားကြသည့် မြန်မာပြည်သူပြည်သားများ၏ ဆန္ဒသဘောထား များနှင့် တစ်ထပ်တည်း ကျလျက်ရှိပါသည်။ နိုင်ငံတော်၏ အချုပ်အခြာ အာဏာနှင့် ဂုဏ်သိက္ခာကို ကာကွယ်ရန် အတွက် အမှန်တရားဘက်မှ ရပ်တည်ဆောင်ရွက်နေသည့် ကိုယ်စားလှယ်အဖွဲ့၏ ကြိုးပမ်းမှုများကို ကျွနှ်ပ်တို့ အပြည့်အဝ ထောက်ခံ အားပေးပါသည်”ဟု ပြောသည်။

ထို့နောက် မြန်မာနိုင်ငံသည် မိမိ၏ အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးစွာ အတူတကွ ယှဉ်တွဲနေထိုင်သည့် ခိုင်မာသော အစဉ်အလာ ကောင်းများကို အစဉ်တစိုက် ထိန်းသိမ်းခဲ့သည့်နိုင်ငံ ဖြစ်ပါသည်ဟု ၎င်းအဖွဲ့က ပြော သည်။

အပြည်ပြည်ဆိုင်ရာတရားရုံးရှိ ဂုဏ်သရေရှိ တရားသူကြီးများ အနေဖြင့်လည်း မိမိတို့၏ မွန်မြတ်လှသော တရား စီရင်ရေးဆိုင်ရာ ကျင့်ဝတ်သိက္ခာကို ထိန်းသိမ်းလျက်၊ မည်သည့် အစွဲအလမ်းမျှ မပါဘဲ အခြေအနေမှန်နှင့် အဖြစ် မှန်များကို ဘက်လိုက်မှုကင်းစွာဖြင့် ဝေဖန်ဆန်းစစ် သုံးသပ်နိုင်လိမ့်မည်ဟု မျှော်လင့်ယုံကြည်ပါကြောင်း၊ နိုင်ငံ တကာဥပဒေနှင့် မြေပြင်တွင် အမှန်တကယ် ဖြစ်ပျက်နေသည့် အခြေအနေများအပေါ် အပြန်အလှန် လေးစား လိုက်နာမှုရှိသော အဖြေတစ်ခု ထွက်ပေါ်လာရေးအတွက် အဖြစ်မှန်များကို မျှတစွာ သုံးသပ်ဆုံးဖြတ်ရန်မှာ အလွန် ပင် အရေးကြီးကြောင်း မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

 ICJ မှာ ကြားနားနေကြစဉ်

အဆိုပါ ICJ အမှုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက် ၂၀၁၇ ခုနှစ်၊ ဩဂုတ် ၂၅ ရက်က ရခိုင်ပြည်နယ်အတွင်းက နယ်ခြားစောင့်တပ် ကင်းစခန်း ၃၀ ကို အာဆာ(ARSA) အကြမ်းဖက်အဖွဲ့က တစ်ပြိုင် တည်း တိုက်ခိုက်ခဲ့ရာမှ စတင်ခဲ့သော လူမျိုးသုဥ်း သတ်ဖြတ်မှု စွပ်စွဲချက်ဖြစ်သည်။

ထိုစွပ်စွဲချက်ကို ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို လူမျိုးသုဉ်း သတ်ဖြတ်မှုဖြင့် ICJ တရားရုံးမှာ တရားစွဲဆိုခဲ့ ခြင်းကြောင့် မြန်မာနိုင်ငံမှ ပြန်လည် ဖြေရှင်းနေရခြင်းဖြစ်သည်။

ဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သည့်အဖွဲ့သည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းကလည်း ICJ မှာ မြန်မာနိုင်ငံ ကိုယ်စား လျှောက်လဲခဲ့သေးသည်။