CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၂
နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့၊ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် မြန်မာနိုင်ငံအနေဖြင့် အာဆာ(ARSA) အကြမ်းဖက်မှုကို အသုံးချပြီး လူမျိုးသုဥ်း သတ်ဖြတ်မှု မကျူးလွန်ကြောင်း လျှောက်လွှဲချက်ပေးနိုင်သည်ဟု NCA ထိုးထားသော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO- NCA/S)မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် ပြုလုပ်မည့် ဘင်္ဂါလီအရေးကိစ္စ တရားရုံး ကြားနာပွဲကို မြန်မာကိုယ်စားလှယ်အဖွဲ့အား သမ္မတရုံးဝန်ကြီးဌာန(၂) ဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သည့်အဖွဲ့က ဦးဆောင် လျှောက်လဲမည်ဖြစ်သည်။
ဝန်ကြီး ဦးကိုကိုလှိုင်နှင့်အတူ ဥပဒေရေးရာဝန်ကြီးဌာန ဝန်ကြီး ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး လည်း လိုက်ပါသွားကြောင်း၊ မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်က နယ်သာလန်နိုင်ငံ သို့ ထွက်ခွာသွားပြီဖြစ်သည်။
ICJ တရားရုံးကြားနားပွဲကို ဇန်နဝါရီ ၁၂ ရက်မှ ဇန်နဝါရီ ၂၉ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံက ဇန်နဝါရီ ၁၆ ရက်မှ ၂၀ ရက်အထိ တစ်ကြိမ်၊ ဇန်နဝါရီ ၂၈ ရက်မှ ဇန်နဝါရီ ၂၉ ရက်အထိ တစ်ကြိမ် စုစုပေါင်း ၂ ကြိမ် လျှောက်လဲမည်ဖြစ်ကြောင်း သိရသည်။

ဦးကိုကိုလှိုင်နဲ့ ဒေါက်တာသီတာဦးကို လေဆိပ်မှာ တွေ့ရစဉ်
ICJ သို့ ထိုကိစ္စရပ်များနှင့် ပတ်သက်ပြီး သွားရောက်ကြားနာမည့် မြန်မာကိုယ်စားလှယ်များ အနေဖြင့် လျှောက်လွှဲ သည့်နေရာ နှစ်မျိုးရှိနိုင်ကြောင်း၊ အာဆာ(ARSA) အကြမ်းဖက်မှုကို အသုံးချ၍ လူမျိုးသုဉ်း သတ်ဖြတ်လိုသည့် ရည်ရွယ်ချက် မရှိကြောင်း ခုခံနိုင်သည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO- NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာန သို့ ပြောသည်။
၎င်းက “ကျနော်သိတာတော့ သူတို့ နှစ်မျိုးပေါ့။ လျှောက်လွှဲတဲ့နေရာမှာ နှစ်မျိုးရှိတယ်၊ ဥပဒေအရ ပြောရင်လေ။ တစ်က ဒီအကြမ်းဖက် အဖွဲ့အစည်းတွေပေါ့။ အဲဒီတုန်းက အာဆာလို အဖွဲ့အစည်းတွေက ရဲစခန်းတွေကို ဝင် တိုက်တဲ့အခါ အဲဒီဟာကို ဖြေရှင်းရင်းနဲ့ အကြမ်းဖက် အဖွဲ့အစည်းကို နှိမ်နင်းတဲ့ နေရာမှာ လူအခွင့်အရေး ဖောက် တဲ့ သဘောမျိုးတွေ ဖြစ်သွားနိုင်တယ်။ သို့သော်လည်းပဲ Genocide Intention မရှိဘူး။ တစ်ဖက်က ခုခံနိုင်တယ်” ဟု ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံဘက်မှ စွပ်စွဲသည့် သက်သေ အချက်အလက်များကို ခိုင်လုံအောင် အပြည့်အစုံ တင်ပြနိုင်မလားဆိုသည့် မေးခွန်းမျိုးဖြင့် မြန်မာကိုယ်စားလှယ်များ ချဥ်းကပ်နိုင်သည်ဟု ဗိုလ်မှူးကြီး ဦးခွန်ဥက္ကာက ဆက်ပြောသည်။

ဦးကိုကိုလှိုင် ICJ မှာ လျှောက်လွှဲချက် တင်နေစဉ်
၎င်းက “နောက်တစ်ခုက စွပ်စွဲတဲ့လူက လုံလောက်သော သက်သေပြရတယ်။ သက်သေ ခိုင်လုံချက်တွေကို လုံလောက်အောင် ပြနိုင်ရဲ့လား။ လုံလောက်အောင် မပြနိုင်ပဲနဲ့ အမှုစွဲလို့က မရဘူး။ ဒါကြောင့် Material Breach ကို ဂမ်ဘီယာက ပြနိုင်သလား ဒါ next one question ပေါ့။ ဒုတိယ Question က Genocide Intention မရှိဘူး။ အကြမ်းဖက် နှိမ်နင်းရင်းနဲ့ ဖြစ်သွားတာ ဖြစ်တယ်။ ဒါကြောင့် Genocide Intention မရှိတဲ့အတွက် Genocide လို့ သံသယဝင်စရာတော့ ရှိတယ်။ ဒါပေမယ့် Genocide မဖြစ်ဘူး။ Genocide ဖြစ်လိမ့်မယ်လို့ သံသယ ဝင်တာပေါ့။ အဲဒီလို သံသယ ဝင်တယ်ဆိုတည်းကိုက Genocide ဖြစ်တယ် မဖြစ်ဘူးဆိုတာ သံသယ ဝင်စရာရှိတယ်ဆိုရင် အဲဒီ သံသယရဲ့ အကျိုးဆက်က တရားခံကပဲ ခံစားရတာ ဥပဒေမှာ။ ဒါကြောင့် သံသယ အကျိုးဆက်ကို ကျနော်တို့ တိုင်းပြည်က ခံစားရမယ်ဆိုရင် Genocide မမြောက်ဘူး ဖြစ်သွားတာပေါ့။ စွပ်စွဲတဲ့ဘက်က အပြည့်အစုံ တင်ပြ နိုင်ရဲ့လားပေါ့၊ အဲဒီလို မေးခွန်းနှစ်ခုနဲ့ သွားတယ်လို့ ချဥ်းကပ်တယ်လို့ ကျနော် ယူဆပါတယ်” ဟု ပြောသည်။
ICJ အမှုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက် ၂၀၁၇ ခုနှစ်၊ ဩဂုတ် ၂၅ ရက်က ရခိုင် ပြည်နယ်အတွင်းက နယ်ခြားစောင့်တပ် ကင်းစခန်း ၃၀ ကို အာဆာ(ARSA) အကြမ်းဖက်အဖွဲ့က တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ရာမှ စတင်ခဲ့သော လူမျိုးသုဥ်း သတ်ဖြတ်မှု စွပ်စွဲချက်ဖြစ်သည်။
ထိုစွပ်စွဲချက်ကို ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို လူမျိုးသုဉ်း သတ်ဖြတ်မှုဖြင့် ICJ တရားရုံးမှာ တရားစွဲဆိုခဲ့ခြင်း ကြောင့် မြန်မာနိုင်ငံမှ ပြန်လည် ဖြေရှင်းနေရခြင်းဖြစ်သည်။
ဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သည့်အဖွဲ့သည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းကလည်း ICJ မှာ မြန်မာနိုင်ငံ ကိုယ်စား လျှောက်လဲခဲ့သေးသည်။
