CNI International News

ကမ်ပါလာ၊ ဇန်နဝါရီ ၁၃

ယူဂန်ဒါနိုင်ငံသမ္မတ ယိုဝေရီ မူဆီဗီနီ (Yoweri Museveni) သည် ဇန်နဝါရီ ၁၅ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ထပ်မံ အနိုင်ရရှိလိမ့်မည်ဟု ကျယ်ကျယ်ပြန့်ပြန့် မျှော်မှန်းခံထားရကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

အကယ်၍ ထိုရွေးကောက်ပွဲတွင် မူဆီဗီနီသာ အနိုင်ရခဲ့မည်ဆိုပါက ယူဂန်ဒါအား ဆယ်စုနှစ် ၄ စုကြာ အုပ်ချုပ်လာ ခဲ့သည့် ၎င်း၏ အာဏာသက်တမ်းကို ထပ်မံ သက်တမ်း တိုးနိုင်မည်ဖြစ်သည်။

သို့သော် ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သဖြင့် ၎င်း၏နေရာကို မည်သူက ဆက်ခံမည်နည်းဆိုသည့် မေးခွန်းများကလည်း ထွက်ပေါ်နေသည်။

၁၉၈၆ ခုနှစ်တွင် ယခင်အစိုးရကို ဖြုတ်ချပြီး အာဏာရယူခဲ့သည့် သူပုန်ခေါင်းဆောင်ဟောင်း မူဆီဗီနီသည် ယခု အခါ အသက် ၈၁ နှစ်ရှိပြီဖြစ်ပြီး ရွေးကောက်ပွဲ၌ ပြိုင်ဘက် ကိုယ်စားလှယ်လောင်း ၇ ဦးနှင့် ရင်ဆိုင်နေရသည်။

မူဆီဗီနီကမူ နောက်ထပ် သက်တမ်းတစ်ခုစာ အာဏာရယူခြင်းသည် ယူဂန်ဒါ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ဆိုင်ရာ ရလဒ်များကို ကာကွယ်ရန် အခွင့်အရေး ရရှိလိမ့်မည်ဟု ပြောကြားခဲ့သည်။

ယူဂန်ဒါနိုင်ငံသမ္မတ ယိုဝေရီ မူဆီဗီနီကို တွေ့ရစဉ်

ထို့ပြင် မူဆီဗီနီက ယူဂန်ဒါနိုင်ငံကို အလတ်တန်းစား ဝင်ငွေရှိသောနိုင်ငံ (Middle-income country) အဖြစ်သို့ ရောက်ရှိအောင် ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်။

ထိုသို့ ဖြစ်လာစေရန်  ကုန်ထုတ်လုပ်မှုကဏ္ဍကို မြှင့်တင်ခြင်း၊ ကော်ဖီနှင့် ဂွမ်း (Cotton) ကဲ့သို့သော စိုက်ပျိုးရေး ထွက်ကုန်များကို တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် ပြောင်းလဲတင်ပို့ခြင်း၊ ယခု နှစ်ကုန်ပိုင်းတွင် စတင်နိုင်ရန် မျှော်လင့်ထားသည့် ရေနံထုတ်လုပ်မှု လုပ်ငန်းများကို အကျိုးရှိရှိ အသုံးချခြင်းတို့ဖြင့် ဆောင်ရွက်သွားမည်ဟု မူဆီဗီနီက မဲဆွယ်စည်းရုံးခဲ့သည်။

မူဆီဗီနီ၏ အဓိက ပြိုင်ဘက်မှာ အသက် ၄၃ နှစ်အရွယ် ဘော်ဘီဝိုင်း (Bobi Wine) အမည်ရှိ ကိုယ်စားလှယ် လောင်းဖြစ်ပြီး သူသည် ၂၀၂၁ ခုနှစ် ရွေးကောက်ပွဲတွင် မဲအရေအတွက် ၃၅ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာ၌ ရပ်တည်ခဲ့သူဖြစ်ကာ လူငယ်မဲဆန္ဒရှင်များအကြား အလွန်ရေပန်းစားသူ ဖြစ်သည်။

အခြားထင်ရှားသော ကိုယ်စားလှယ်လောင်းများမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး မဲဆွယ်စည်းရုံးခဲ့သူဖြစ်သည့် စစ်ဦးစီးချုပ်ဟောင်း မူဂီရှာ မွန်တူ (Mugisha Muntu) နှင့် ယခင်က လွှတ်တော်အတွင်း အတိုက်အခံ ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သူ လွှတ်တော်အမတ် နန်ဒါလာ မာဖာဘီ (Nandala Mafabi) တို့ ဖြစ်သည်။

ယူဂန်ဒါနိုင်ငံတွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲများမှာ အစဉ်အဆက်ဆိုသလို အစိုးရ အတိုက်အခံများကို အကြမ်းဖက် ဖြိုခွင်းခြင်းနှင့် ဖိနှိပ်ခြင်းများရှိခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီကလည်း အတိုက်အခံ ခေါင်းဆောင် ဘော်ဘီဝိုင်း ဖမ်းဆီးခံရမှု ကြောင့် ဖြစ်ပေါ်လာသည့် ဆန္ဒပြမှုများကို လုံခြုံရေးတပ်ဖွဲ့များက နှိမ်နင်းရာတွင် လူပေါင်း ၅၀ ကျော် သေဆုံး ခဲ့သည်။

Source: ရိုက်တာ