CNI International News
ဘေကျင်း၊ နိုဝင်ဘာ ၄
အမေရိကန်သမ္မတရွေးကောက်ပွဲပြီးနောက်ပိုင်း တရုတ်နှင့် အမေရိကန်အကြား ပြိုင်ဆိုင်မှုများ မြင့်တက်လာမည့် အခြေအနေသည် ကျိန်းသေပေါက် ဖြစ်သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
သို့သော်လည်း အမေရိကန်သမ္မတရွေးကောက်ပွဲ ရလဒ်သည် တရုတ်အပေါ်ထားရှိသည့် အမေရိကန်၏ နည်းဗျူဟာများကို ပြောင်းလဲမည် ဟုတ်၊ မဟုတ် အဆုံးအဖြတ်ပေးလိမ့်မည်။
အမေရိကန်၏ နည်းဗျူဟာများသည် ကြမ်းတမ်းမည်လော သို့မဟုတ် နူးညံ့မည်လော အစရှိသည့် ချဉ်းကပ်မှု ၂ ခု အနက် ၁ ခုကို ရွေးကောက်ပွဲက အဆုံးအဖြတ်ပေးလိမ့်မည်ဟု တရုတ်၏ Renmin တက္ကသိုလ်မှ နိုင်ငံတကာ ဆက်ဆံရေးဌာနမှ ပါမောက္ခ ကျင်းကန်ရွန် (Jin Canrong) က ပြောကြားခဲ့သည်။
အမေရိကန်ဒုတိယသမ္မတ ကာမယ်လာဟားရစ် (Kamala Harris) သည် ရွေးကောက်ပွဲတွင် အနိုင်ရရန် ပိုပြီး အခွင့်အရေးရှိနေကြောင်းလည်း ကျင်းက ဖိုရမ်တစ်ခု၌ ပြောကြားခဲ့သည်။
ရွေးကောက်ပွဲတွင် ဟားရစ် အနိုင်ရခဲ့ပါက တရုတ်အပေါ်ထားရှိသည့် အမေရိကန်၏ မူဝါဒသည် ပိုမိုပျော့ပြောင်း ပြီး ပိုမိုစနစ်ကျမည်ဖြစ်သော်လည်း ပိုမိုနားလည်ရခက်ခဲမည့် ချဉ်းကပ်မှုမျိုး ရှိလာနိုင်သည်ဟု ကျင်းက ပြောသည်။
ဘိုင်ဒန်နဲ့ရှီကျင့်ဖျင်ကို တွေ့ရစဉ်
သို့သော် သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) အနိုင်ရခဲ့မည်ဆိုပါက တရုတ်အပေါ်ထားရှိသည့် သဘောထားမှာ ပိုမိုတင်းမာမည်ဖြစ်သော်လည်း ပထမသက်တမ်း ကာလကလောက် သဘောထားတင်းမာဖွယ် မရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
"ထရမ့်က ကြုံရာကျပန်း လက်သီးချက်တွေနဲ့ အိုမင်းနေတဲ့ ဆရာသမားကို သတ်ဖြတ်တဲ့ လူမျိုးနဲ့ တူပါတယ်။ သင့်ကို ကြုံရာထိုးနှက်ချက်တွေနဲ့အတူ မူးဝေးစေမှာပါ" ဟု ကျင်းက ပြီးခဲ့သည့်လအတွင်း Chongyang Institute for Financial Studies တွင် ပြုလုပ်သည့် ဖိုရမ်၌ ပြောကြားခဲ့သည်ဟု Renmin တက္ကသိုလ်က နိုဝင်ဘာ ၂ ရက် တွင် ထုတ်ပြန်ခဲ့သည်။
အခြားလေ့လာစောင့်ကြည်သူများကလည်း ထရမ့်သာ အနိုင်ရခဲ့မည်ဆိုပါက အမေရိကန်နှင့် တရုတ် ဆက်ဆံရေး ကို သေချာရေရာမှုမရှိသည့် အခြေအနေမျိုး ပေါ်ပေါက်လာနိုင်ကြောင်း၊ ဟားရစ်သာ အနိုင်ရမည်ဆိုပါက လက်ရှိ သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ၏ လမ်းစဉ်အတိုင်း ဆက်လက် လုပ်ဆောင်မည်ဖြစ်ကာ ခန့်မှန်းရ ပိုမိုလွယ်ကူ လိမ့်မည်ဟု ပြောကြားခဲ့သည်။
"ရွေးကောက်ပွဲမှာ ဘယ်သူပဲနိုင်နိုင် အရေးမကြီးပါဘူး။ တရုတ်ဟာ အမေရိကန်ရဲ့ အဓိကပြိုင်ဘက်အဖြစ် ဆက်ရှိ နေပါလိမ့်မယ်။ မဟာဗျူဟာအရလည်း ပြောင်းလဲမှုမရှိပါဘူး။ ဘယ်သူက ဘယ်လိုပုံစံမျိုးနဲ့ ချဉ်းကပ်လုပ်ဆောင် သွားမလဲဆိုတာပဲ ပြောင်းလဲမှာ ဖြစ်ပါတယ်။ အခြေခံ သဘောတရားတွေကတော ပြောင်းလဲမှာ မဟုတ်ပါဘူး" ဟု ကျင်းက ပြောကြားခဲ့သည်။
Source: South China Morning Post