CNI International News
ဖီးနစ်၊ နိုဝင်ဘာ ၂
ထရမ့်နှင့် ၎င်း၏ မဟာမိတ်များသည် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရသွားမည်ဆိုပါက သမ္မတဟောင်း အိုဘားမား (Barack Obama) လက်မှတ်ရေးထိုးခဲ့သည့် ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် အစီအစဉ်များကို ပယ်ဖျက်လိမ့်မည်ဟု ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်း ကာမယ်လာဟားရစ် (Kamala Harris) က အောက်တိုဘာ ၃၁ ရက်တွင် မဲဆန္ဒရှင်များအား သတိပေးခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထို့ပြင် အောက်တိုဘာ ၃၀ ရက်က ထရမ့်၏ မဲဆွယ်စည်းရုံးပွဲတွင် ထရမ့်ပြောခဲ့သည့် မှတ်ချက်စကား အချို့သည် အမျိုးသမီးများကို စော်ကားတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဟားရစ်က ပြောသည်။
ထရမ့်သည် ၎င်း၏ သမ္မတသက်တမ်း ကာလဖြစ်သည့် ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အကြား Obamacare ဟု လူသိများသည့် Affordable Care Act အမည်ရှိ ကျန်းမာရေး စောင့်ရှောက်မှုပေးသော ဥပဒေကို ပယ်ဖျက်ရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်ခဲ့ခြင်းမရှိကြောင်း ဟားရစ်က မဲဆန္ဒရှင်များကို သတိပေးခဲ့သည်။
"အမေရိကန်ပြည်သူအားလုံးကို ကျန်းမာရေး စောင့်ရှောက်မှု ပေးတာဟာ ဒီရွေးကောက်ပွဲရဲ့ အဓိကအချက်ပါပဲ" ဟု ဟားရစ်က ဝစ္စကွန်ဆင် (Wisconsin) ပြည်နယ်၊ မက်ဒီဆင် (Madison) မြို့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
ထရမ့်ကမူ ဟားရစ်၏ ပြောကြားချက်ကို တုန့်ပြန်သည့် အနေဖြင့် သူသည် ထိုကျန်းမာရေး စောင့်ရှောက်မှုစနစ် အား ပယ်ဖျက်ရန် မည်သည့်အချိန်ကမျှ ဆန္ဒရှိခဲ့ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။
ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
"ကျနော် အဲဒီလိုလုပ်မယ်လို့ တစ်ခါမှ မပြောခဲ့ပါဘူး။ အဲဒီလိုမျိုးလည်း တစ်ခါမှ တွေးတောင် မတွေးမိဖူးပါဘူး" ဟု ထရမ့်က ၎င်း၏ ကိုယ်ပိုင်လူမှုကွန်ရက်ဖြစ်သည့် Truth Social ပလက်ဖောင်းတွင် ရေးသားဖော်ပြခဲ့သည်။
ရွေးကောက်ပွဲအကြို လူထုသဘောဆန္ဒ စစ်တမ်းများအရ ဟားရစ်နှင့် ထရမ့်အကြား ပြိုင်ဆိုင်မှုသည် သမိုင်း တစ်လျှောက် အပြင်းထန်ဆုံးဖြစ်နေပြီး နိုဝင်ဘာလတွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ၎င်းတို့နှစ်ဦးအကြား အကြိတ်အနယ် ယှဉ်ပြိုင်ရမည့် မဲယိမ်းပြည်နယ် ၇ ခုသည် အနိုင်အရှုံးကို အဆုံးအဖြတ် ပေးဖွယ်ရှိနေသည်။
အောက်တိုဘာလအတွင်း Reuters/Ipsos ၏ စစ်တမ်းတွင် မဲဆန္ဒရှင် အမျိုးသမီးများက ဟားရစ်ကို ပိုမို ထောက်ခံနေကြပြီး အမျိုးသား မဲဆန္ဒရှင်များကမူ ထရမ့်ကို ပိုမိုထောက်ခံနေကြောင်း ဖော်ပြထားသည်။
လက်ရှိတွင် လူကိုယ်တိုင် လာရောက် မဲထည့်သည့် ကြိုတင်မဲများနှင့် စာတိုက်မှတဆင့် ပေးပို့သည့် မဲစုစုပေါင်း ၆၃ သန်းကျော်ရှိလာခဲ့သည်ဟု ဖော်ရီဒါတက္ကသိုလ်၏ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး Election Lab က ထုတ်ပြန်ခဲ့သည်။
Source: ရိုက်တာ