CNI International News
ဝါရှင်တန်၊ နိုဝင်ဘာ ၂
ရုရှား၏ ကာ့စ်(Kursk)ဒေသတွင် မြောက်ကိုရီးယားစစ်သား ၈၀၀၀ ရှိကြောင်း အမေရိကန်က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန် လက်ထောက်သံအမတ်ကြီး ရောဘတ်ဝုဒ်(Robert Wood) က ကုလသမဂ္ဂ အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
၎င်းက “ရုရှားဟာ မြောက်ကိုရီးယား စစ်သားတွေကို သုံးပြီး ယူကရိန်းတပ်တွေကို တိုက်ခိုက်ဖို့ စီစဉ်ဖွယ်ရှိနေတဲ့ အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက အလွန်စိုးရိမ် နေတယ်လို့ ကျနော်တို့ ကြားသိခဲ့ရပါတယ်။ ရုရှားအနေနဲ့ ဒီလို အန္တရာယ်များတဲ့ လုပ်ရပ်မျိုး မလုပ်ဘူးလို့ ယူဆပါတယ်။ ယူကရိန်းနဲ့ စစ်ပွဲမှာ မြောက်ကိုရီးယား ပါဝင်တဲ့ အပြုအမူဟာ ပဋိပက္ခကို ပိုမိုကျယ်ပြန့်စေတဲ့ လုပ်ရပ်လို့ သတိပေးချင်ပါတယ်။ ရုရှားကို မြောက်ကိုရီးယား တပ်ဖွဲ့ တွေ ရောက်ရှိနေတာဟာလည်း ရုရှား-မြောက်ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုမှာ အန္တရာယ်ရှိတဲ့ ထပ်တိုး လုပ် ဆောင်တဲ့ လုပ်ရပ်ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန် လက်ထောက်သံအမတ်ကြီး ရောဘတ်ဝုဒ်ကို တွေ့ရစဉ်
ဆက်လက်ပြီး “ကျနော်တို့ လွန်ခဲ့တဲ့ မိနစ်အနည်းငယ်က ရရှိထားတဲ့ သတင်းအရတော့ ကာ့စ်အိုဘလက်စ်(Kursk Oblast)ဒေသမှာ မြောက်ကိုရီးယား စစ်သား ၈၀၀၀ ရောက်ရှိနေတယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။ ကျနော့် အနေနဲ့ ရုရှားကို လေးလေးစားစား မေးချင်တာကတော့ ရုရှားမှာ မြောက်ကိုရီးယားတပ်သားတွေ မရှိဘူးဆိုတဲ့ ရုရှားရဲ့ ပြောကြားချက်ကို ဆက်လက်ကိုင်စွဲ ထားဦးမှာလားလို့ မေးချင်ပါတယ်။ဒါက ကျနော်ရဲ့ နောက်ဆုံးမေးမြန်းချင်တဲ့ တစ်ခုတည်းသော မေးခွန်းပါ”ဟု ဝုဒ်က ပြောသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီရှိ ရုရှားကိုယ်စားလှယ်များက ဝုဒ်၏ မေးခွန်းကို တုန့်ပြန်ဖြေကြားခဲ့ခြင်းမရှိပေ။
ရုရှားတွင် မြောက်ကိုရီးယားစစ်သားများ တည်ရှိမှုအပေါ် ရုရှားအစိုးရက ငြင်းဆန်ခြင်း မရှိသည့်အပြင် တိုက်ရိုက် အတည်ပြုထားခြင်းလည်း မရှိပေ။
အစောပိုင်း ငြင်းဆိုခဲ့ပြီးနောက်ပိုင်း မြောက်ကိုရီးယားက ၎င်း၏ တပ်သားများကို နိုင်ငံတကာဥပဒေနှင့်အညီ စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း ခုခံပြောကြားခဲ့သည်။
ရုရှားက ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲခဲ့သည်။
Source: ရိုက်တာ