CNI International News

ဝါရှင်တန်၊ အောက်တိုဘာ ၃၀

ယူကရိန်းစစ်ပွဲအတွင်း မြောက်ကိုရီးယားက ရုရှားဘက်မှ ဝင်ပါမည်ဆိုပါက ယူကရိန်းအား အမေရိကန်လုပ် လက်နက်များ အသုံးပြုမှုအပေါ် ကန့်သတ်ချက်အသစ်များ ချမှတ်မည် မဟုတ်ကြောင်း  အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာနက အောက်တိုဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ရုရှား၏ ကာ့စ်ဒေသ (Kursk region)တွင် မြောက်ကိုရီးယားတပ်ဖွဲ့များ ဖြန့်ကြက်ချထားကြောင်း နေတိုးအဖွဲ့က ပြောကြားနေချိန်၌ အမေရိကန်၏ ပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

နိုင်ငံတကာက အရှေ့အလယ်ပိုင်း ပဋိပက္ခကို အာရုံစိုက် စောင့်ကြည့်နေသည့်တိုင် ယူကရိန်းစစ်ပွဲ ၂ နှစ်ခွဲ ကြာမြင့် လာချိန်တွင် ရုရှားသို့ မြောက်ကိုရီးယားစစ်သားများ စေလွှတ်နေသည်ဆိုသည့် သတင်းများသည် အနောက်နိုင်ငံ များကို စိုးရိမ်စေခဲ့သည်။

ထို့ပြင် မြောက်ကိုရီးယားစစ်သားများ ဖြန့်ကြက်နေသည်ဆိုသည့် သတင်းများအရ ရုရှားသည် စစ်မြေပြင်တွင် ဆုံးရှုံးနစ်နာမှု များစွာရှိနေပြီး ယူကရိန်းအရှေ့ပိုင်း စစ်မြေပြင်၌ အသာစီးရမှု နှေးကွေးလာသည့် အချက်ကို ပြသရာရောက်ခဲ့သည်။

လက်နက်ခဲယမ်းကို တွေ့ရစဉ်

"ရုရှားနဲ့ မြောက်ကိုရီးယားအကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြင့်တက်လာတာဟာ အင်ဒို-ပစိဖိတ် ဒေသနဲ့ ဥရောပ-အတ္တလန္တိတ်ဒေသ လုံခြုံရေးအတွက် ခြိမ်းခြောက်မှု ဖြစ်ပါတယ်" ဟု နေတိုးအတွင်းရေးမှူးချုပ် မာ့ခ်ရူတီ (Mark Rutte) က သတင်းထောက်များကို ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ကလည်း ရုရှားသို့ မြောက်ကိုရီးယား စစ်သားများ စေလွှတ်နေသည့် သတင်းများသည် အလွန်အန္တရာယ်များကြောင်း ပြောကြားခဲ့သည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနကလည်း မြောက်ကိုရီးယားစစ်သား ၁၀,၀၀၀ ခန့် ရုရှားအရှေ့ဖျားဒေသသို့ ပို့ဆောင်ခံခဲ့ရကြောင်း ခန့်မှန်းထုတ်ပြန်ခဲ့သည်။

အစောပိုင်းက ရုရှားသည် မြောက်ကိုရီးယားစစ်သားများ ဖြန့်ကြက်ချထားသည့် သတင်းများကို သတင်းအမှားများ အဖြစ် ငြင်းဆိုခဲ့သော်လည်း အောက်တိုဘာ ၂၄ ရက်တွင် ရုရှားသမ္မတ ပူတင်(Vladimir Putin) က မြောက်ကိုရီးယားစစ်သားများ ရုရှား၌ ရှိနေသည်ဆိုသည့် သတင်းများကို ငြင်းဆိုခဲ့ခြင်းမရှိပေ။

နေတိုးအတွင်းရေးမှူးချုပ်ကိုတွေ့ရစဉ်

အမေရိကန်ကမူ ယူကရိန်းစစ်ပွဲတွင် မြောက်ကိုရီးယား စစ်သားများ ပါဝင်လာမည်ဆိုပါက ယူကရိန်းကို အမေရိကန်လုပ် လက်နက်များ အသုံးပြုခွင့်အပေါ် တားမြစ်ကန့်သတ်ချက်များ ချမှတ်သွားမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ယခင်က အမေရိကန်သည်  ယူကရိန်းအား ရုရှားနိုင်ငံအတွင်းဘက်ရှိ ပစ်မှတ်များကို တိုက်ခိုက်ရန် အမေရိကန် လုပ် တာဝေးပစ် လက်နက်များအား အသုံးပြုခွင့် တားမြစ်ပိတ်ပင်ထားခဲ့ခြင်း ဖြစ်သည်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အန်ဒရီ စီဘီဟာ (Andrii Sybiha) ကလည်း ရုရှားနိုင်ငံအတွင်းပိုင်းရှိ ပစ်မှတ်များကို တိုက်ခိုက်ရန် အနောက်နိုင်ငံက ထောက်ပံ့ပေးထားသည့် တာဝေးပစ် လက်နက်များကို အသုံးပြုခွင့်ပေးခြင်းသည် ပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source: ရိုက်တာ