CNI International News

မနီလာ၊ အောက်တိုဘာ ၃၀

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဒါဗောင်း (Davao) မြို့တွင် မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ချိန်က ဒုစရိုက်သမား များကို သတ်ဖြတ်ရန် လက်မရွံ့တပ်သားအဖွဲ့ ဖွဲ့စည်းခဲ့ဖူးကြောင်း ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး (Rodrigo Duterte) က အောက်တိုဘာ ၂၈ ရက်က အထက်လွှတ်တော် ကြားနာစစ်ဆေးမှု၌ ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

မည်သို့ပင်ဆိုစေ ဒူတာတေးသည် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ချိန်က တရားမဝင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ပွဲအတွင်း ထောင်နှင့်ချီသည့် သံသယရှိသူများ ပစ်ခတ်ရန် ရဲတပ်ဖွဲ့ကို လုပ်ပိုင်ခွင့် ပေးခဲ့ခြင်း မရှိကြောင်း ငြင်းဆိုခဲ့သည်။

ထိုမူးယစ်ဆေးဝါး တိုက်ဖျက်ရေးစစ်ပွဲအတွင်း လူသားမျိုးနွယ်ကို ဆန့်ကျင်သည့် ရာဇဝတ်မှုများ ရှိ/မရှိကို နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးက စုံစမ်းစစ်ဆေးလျက်ရှိသည်။

၂၀၂၂ ခုနှစ်က သမ္မတသက်တမ်း ကုန်ဆုံးပြီးချိန်ကတည်းက ပထမဆုံးအကြိမ် လူမြင်ကွင်းသို့ ထွက်ပေါ်လာသည့် ဒူတာတေး (၇၉ နှစ်)အား လွှတ်တော်၌ ကြားနာစစ်ဆေးမှု ခံယူနေပုံကို ရုပ်သံမှ ထုတ်လွှင့်ခဲ့သည်။

မကြာသေမီက ဖိလစ်ပိုင်သမိုင်းကြောင်းအတွင်း မကြုံစဖူး လူသေဆုံးမှုများရှိခဲ့သည့် ဒူတာတေး လက်ထက်က ထိုမူးယစ်စစ်ပွဲတွင် သေဆုံးမှုများနှင့်ပတ်သက်ပြီး ဖိလစ်ပိုင် အထက်လွှတ်တော်က စုံစမ်းစစ်ဆေးနေသည်။

ဒူတာတေးကို ကြားနားစစ်ဆေးနေစဉ်

ဒူတာတေးက သူသည် သမ္မတမဖြစ်မီ မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ချိန်က ဒုစရိုက်သမားများကို နှိမ်နင်းရန် လူဆိုးဂိုဏ်းဝင် ၇ ဦးပါသည့် လက်မရွံ့အဖွဲ့အား ထောက်ပံ့ခဲ့ဖူးကြောင်း ဝန်ခံပြောဆိုခဲ့သည်။

"ခင်ဗျားတို့ သိချင်ရင် ကျနော် ဝန်ခံထွက်ဆိုနိုင်ပါတယ်။ ကျနော့်မှာ အဖွဲ့ဝင် ၇ ဦးပါတဲ့ လက်မရွံ့အဖွဲ့ ရှိခဲ့ဖူးပါ တယ်။ ဒါပေမယ့် သူတို့က ရဲတပ်ဖွဲ့ဝင်တွေ မဟုတ်ဘဲ လူဆိုးတွေ ဖြစ်ပါတယ်" ဟု ဒူတာတေးက ပြောကြားခဲ့ သည်။

"တစ်တစ်ယောက်ယောက်ကို သတ်တော့မယ်ဆိုရင် လူဆိုးတစ်ယောက်ကို ကျနော်က အခုလိုပဲ ပြောပါတယ်။ မင်း သူ့ကိုမသတ်ရင် မင်းကိုငါသတ်မယ်ဆိုပြီး ကျနော်က ပြောခဲ့တာပါ" ဟု ဒူတာတေးက ဆိုသည်။

စုံစမ်းစစ်ဆေးမှုကို ဦးဆောင်သည့် အထက်လွှတ်တော်အမတ် ကိုကို ပီမန်တယ်  (Koko Pimentel III) နှင့် အထက်လွှတ်တော်အမတ် ရီဆာ ဟွန်တီဗာရို့စ် (Risa Hontiveros) တို့ကမူ ဒူတာတေးအား အသေးစိတ် ပိုမို ပြောကြားရန် တောင်းဆိုခဲ့ကြသော်လည်း ဒူတာတေးက နောက်တစ်ကြိမ် ပြုလုပ်မည့် ကြားနာစစ်ဆေးမှုတွင် အသေးစိတ် ပြောကြားမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

Source: အေပီ