CNI International News
ဝါရှင်တန်၊ အောက်တိုဘာ ၃၀
ထိုင်ဝမ် လွတ်လပ်ရေးနှင့်ပတ်သက်ပြီး အမေရိကန်၏ သဘောထားကို ဆွေးနွေးချိန်တွင် စကားလုံး အသုံးအနှုန်း ပြောင်းလဲရန် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping)က အမေရိကန်သမ္မတ ဘိုင်ဒန်(Joe Biden)နှင့်အဖွဲ့ကို တိုက်တွန်းခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ပြီးခဲ့သည့်နှစ်က အမေရိကန်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping)နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) တို့ ပြုလုပ်သည့် ဆွေးနွေးပွဲ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ဆန်ဖရန်စစ္စကို (San Francisco)၌ ပြုလုပ်ခဲ့သည့် အစည်းအဝေးအတွင်း ရှီက ထိုင်ဝမ် အရေးနှင့်ပတ်သက်ပြီး အမေရိကန်၏ တရားဝင် ထုတ်ပြန်ချက်များတွင် အသုံးအနှုန်းကို ပြောင်းလဲရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်ဟု ထိုအစည်းအဝေးနှင့် နီးစပ်မှုရှိသည့် အမေရိကန်အရာရှိ ၂ ဦးက ပြောကြားခဲ့သည်။
အမေရိကန်အနေဖြင့် လက်ရှိ သုံးနှုန်းနေသည့် "ထိုင်ဝမ်လွတ်လပ်ရေးကို မထောက်ခံကြောင်း" ဆိုသည့် အသုံးအနှုန်းထက် "ထိုင်ဝမ်လွတ်လပ်ရေးကို ဆန့်ကျင်ကြောင်း" ဆိုသည့် အသုံးအနှုန်းကို သုံးစွဲရန် တရုတ်က ဆန္ဒရှိနေသည်ဟု အမည်မဖော်လိုသည့် အမေရိကန်အရာရှိများက ပြောကြားခဲ့သည်။
ထိုအစည်းအဝေးအပြီး လပိုင်းအကြာတွင်လည်း ရှီ၏ လက်ထောက်များက ထိုကဲ့သို့ တိုက်တွန်းချက်များကို ထပ်မံ ပြောကြားခဲ့ကြောင်း အမေရိကန်အရာရှိများက ပြောကြားခဲ့သည်။
အမေရိကန်ကမူ အသုံးအနှုန်းကို ပြောင်းလဲရန် ငြင်းဆိုခဲ့သည်ဟု ဆိုသည်။
တရုတ်အလံကိုတွေ့ရစဉ်
အိမ်ဖြူတော်ကလည်း အမေရိကန်သည် ထိုင်ဝမ်လွတ်လပ်ရေးကို မထောက်ခံကြောင်း ဆိုသည့် ပုံမှန် အသုံးအနှုန်းဖြင့် တုန့်ပြန်ခဲ့သည်။
"ဘိုင်ဒန်-ဟားရစ် အစိုးရအဖွဲ့ဟာ တရုတ်တစ်နိုင်ငံတည်းဆိုတဲ့ မူဝါဒကို ပြောင်းလဲခြင်း မရှိခဲ့ပါဘူး" ဟု အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ထိုင်ဝမ် အရေးနှင့်ပတ်သက်ပြီး အမေရိကန်အစိုးရကို မေးခွန်း ထုတ်သင့် ကြောင်း၊ ထိုင်ဝမ်နှင့်ပတ်သက်ပြီး တရုတ်၏ ရပ်တည်ချက်သည် ရှင်းလင်းပြီး ခိုင်မာပြတ်သားမှု ရှိကြောင်း ထုတ်ပြန်ခဲ့သည်။
ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
ထိုင်ဝမ်၏ မူလအမည်ဖြစ်သည့် တရုတ်သမ္မတအစိုးရအဖွဲ့ (ROC) သည် တရုတ်ပြည်တွင်းစစ်အတွင်း မော်စီတုန်း (Mao Zedong) ၏ ကွန်မြူနစ်များကို ရှုံးနိမ့်ခဲ့ပြီးနောက် ၁၉၄၉ ခုနှစ်တွင် ထိုင်ဝမ်ကျွန်းသို့ ထွက်ပြေးတိမ်းရှောင် ခဲ့သည်။
တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ် တစ်ခုအဖြစ် ကြေညာထားပြီး လိုအပ်လာပါက အင်အားသုံး ထိန်းချုပ်သွားမည်ဟု ပြောကြားခဲ့သည်။
Source: ရိုက်တာ