CNI International News

တိုင်ပေ၊ ဩဂုတ် ၁၅

ထိုင်ဝမ်ကျွန်းပေါ်သို့ အမေရိကန် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ယခုလအတွင်း ဒုတိယအကြိမ် ရောက်ရှိမှုအဖြစ် တိုင်ပေမြို့တော်သို့ ကြိုတင် ကြေညာထားခြင်းမရှိဘဲ မက်ဆာချူးဆက်ပြည်နယ် ဒီမိုကရက်တစ် အထက် လွှတ်တော်အမတ် အီးဒီမာကီး (Ed Markey) ဦးဆောင်သော အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာခဲ့ကြောင်း CNN သတင်း တစ်ပုဒ်တွင် တွေ့ရသည်။

ဝါရှင်တန်-ဘေဂျင်း ဆက်ဆံရေး အထူးတင်းမာနေချိန်၌ ၂၅ နှစ်အတွင်း ထိုင်ဝမ်သို့ ပထမဆုံး လာရောက်သည့် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီကြောင့် တရုတ်ကို ဒေါသတကြီး ဖြစ်စေခဲ့သည်။

အဖွဲ့ဝင် ၅ ဦးပါသည့် အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် ထိုင်ဝမ်သို့ လာရောက်ခြင်းမှာ ကျွန်းအပေါ် အမေရိကန်၏ ထောက်ခံမှုကို ထပ်လောင်း အတည်ပြုရန်နှင့် ထိုင်ဝမ် ရေလက်ကြားတလျှောက် တည်ငြိမ်ရေးနှင့်ငြိမ်းချမ်းရေးကို အားပေးရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း အီးဒီမာကီး၏ ပြောရေးဆိုခွင့်ရှိသူက ကြေညာချက်တစ်စောင် ထုတ်ပြန်၍ ပြောကြားခဲ့သည်။

ထိုကိုယ်စားလှယ်အဖွဲ့တွင် ဒီမိုကရက်ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသော ဂျွန်ဂရာမန်ဒီ (John Garamendi) ၊ အလန်လိုဝမ်သယ် (Alan Lowenthal) နှင့် ဒွန်ဘေယာ (Don Beyer) ၊ ရီပက်ဘလစ်ကန်ပါတီဝင် ကိုယ်စားလှယ်ဖြစ်သည့် ဩမျူယာ အေမာတာ ကိုးမန်း ရာဒီဝပ်ဂန် (Aumua Amata Coleman Radewagen) တို့ ပါဝင်ကြောင်း ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

မာကီး ဦးဆောင်သော အဖွဲ့သည် ယခု ခရီးစဉ်အတွင်း ထိုင်ဝမ်သမ္မတ ဆိုင်းအင်ဝမ် (Tsai Ing-wen) နှင့် နိုင်ငံခြား ရေးဝန်ကြီး ဂျိုးဇက်ဝူ (Joseph Wu) တို့နှင့် တွေ့ဆုံရန် စီစဉ်ထားပြီး လုံခြုံရေး၊ ကုန်သွယ်ရေးဆိုင်ရာ ကဏ္ဍများ အတွက် ထိုင်ဝမ်လွှတ်တော် နိုင်ငံခြားရေးနှင့် အမျိုးသားကော်မတီဝင်များအား ဆွေးနွေးရန် ရှိကြောင်း ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

အမေရိကန်နိုင်ငံဆိုင်ရာ တရုတ် သံရုံးပြောရေးဆိုခွင့်ရှိသူ လျူပန်ဂူး (GETTY IMAGES)

ဘေဂျင်းဘက်မှ တင်းမာမှု တိုးလာသော်လည်း ထိုင်ဝမ်အပေါ် အမေရိကန်၏ ခိုင်မာစွာ ထောက်ခံမှုရှိကြောင်း ပြသခဲ့သည့် ယခုလွှတ်တော် ကိုယ်စားလှယ်အဖွဲ့ကို ကျေးဇူးတင်ရှိကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် ထိုင်ဝမ်ရေလက်ကြား တင်းမာမှုများ လျှော့ချရန်နှင့် (အီလက်ထရောနစ်) တပိုင်းလျှပ်ကူးပစ္စည်းများ ရင်းနှီးမြှုပ်နှံရန် အပါအဝင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ခြင်း၊ အကျိုးတူ ခံစားခွင့်များ ဆွေးနွေးခြင်းတို့ကို ထိုင်ဝမ် ရွေးကောက်ခံ ခေါင်းဆောင်များ၊ ပုဂ္ဂလိက လုပ်ငန်းများနှင့် တွေ့ဆုံ ဆွေးနွေးရန် စီစဉ်ထားသည်။

ထိုသို့ အမေရိကန်၏ ရန်စလာခြင်းများကို တုံ့ပြန်ရန်အတွက် ပြတ်ပြတ်သားသား တန်ပြန်အရေးယူမှုများ လုပ် ဆောင် သွားမည်ဖြစ်ကြောင်း ဝါရှင်တန်မြို့တော်ရှိ တရုတ်သံရုံးက ဩဂုတ် ၁၄ ရက်တွင် ကြေညာချက် ထုတ်ပြန် ခဲ့သည်။

၎င်းတို့၏ ထိုင်ဝမ်ခရီးစဉ်ကို တရုတ်နိုင်ငံအနေဖြင့် ဆန့်ကျင်ကြောင်း ကြေညာချက်ထဲတွင် တုံ့ပြန်ခဲ့သည်။

“အမေရိကန် လွှတ်တော်ကိုယ်စားလှယ်တွေဟာ အမေရိကန်အစိုးရ လက်ခံထားတဲ့ “တရုတ်တစ်နိုင်ငံတည်း မူဝါဒ” (one-China policy) အတိုင်း ဆောင်ရွက်သင့်ပါတယ်” ဟု သံရုံးပြောရေးဆိုခွင့်ရှိသူ လျူပန်ဂူး (Liu Pengyu) က တွစ်တာလူမှုကွန်ရက်တွင် ပြောကြားခဲ့သည်။

Source: CNN