CNI International News

တိုင်ပေ၊ ဇန်နဝါရီ ၁၅

ထိုင်ဝမ်၏ လွတ်လပ်ရေးကို အမေရိကန်က ထောက်ခံခြင်းမရှိကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဇန်နဝါရီ ၁၃ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုင်ဝမ်တွင် ဇန်နဝါရီ ၁၃ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲ၌ ထိုင်ဝမ်မဲဆန္ဒရှင်များသည် တရုတ်၏ ဖိအားများ ကို ဖီဆန်ပြီး လက်ရှိ အာဏာရပါတီ ကိုယ်စားလှယ်လောင်း လိုင်ချင်တေး (Lai Ching-te)အား သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ပြီးနောက် ဘိုင်ဒန်၏ မှတ်ချက်စကား ထွက်ပေါ်လာခြင်း ဖြစ်သည်။ 

ထိုင်ဝမ်အာဏာရပါတီဖြစ်သည့် ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP) ၏ သမ္မတလောင်း လိုင်သည် တရုတ်၏ ဖိအားများကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း၊ တရုတ်ကို ရင်ဆိုင်မှုနှင့် ဆွေးနွေးမှု အစရှိသည့် နှစ်မျိုးစလုံးကို လုပ်ဆောင်မည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။

ဘိုင်ဒန်ကတော့ ဇန်နဝါရီ ၁၃ ရက်က ထိုင်ဝမ် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ၎င်း၏ တုန့်ပြန်မှု မည်သို့ရှိသနည်း ဆိုခြင်းကို မေးမြန်းခံရချိန်တွင် ထိုင်ဝမ်လွတ်လပ်ရေးကို မိမိတို့ မထောက်ခံကြောင်း ဖြေကြားခဲ့သည်။ 

ထိုင်ဝမ်သမ္မတဖြစ်လာမည့် လိုင်ချင်တေးကို တွေ့ရစဉ်

အမေရိကန်သည် ၁၉၇၉ ခုနှစ်တွင် သံတမန်ရေးအရ အသိအမှတ်ပြုမှုကို ထိုင်ဝမ်မှ တရုတ်သို့ ပြောင်းလဲ အသိ အမှတ်ပြုခဲ့ပြီး ထိုင်ဝမ်လွတ်လပ်ရေးကို ထောက်ခံကြောင်း တရားဝင်ကြေညာခဲ့ခြင်း မရှိပေ။

မည်သို့ပင်ဆိုစေ အမေရိကန်သည် ထိုင်ဝမ်နှင့် တရားဝင် မဟုတ်သည့် ဆက်ဆံရေးကို ထိန်းသိမ်းထားကာ ထိုင်ဝမ်ကို ထောက်ခံမှု အရှိဆုံးနှင့် လက်နက်ထောက်ပံ့မှု အများဆုံးနိုင်ငံဖြစ်သည်။

တရုတ်ကမူ ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ်တစ်ခုအဖြစ် ကြေညာထားပြီး လိုအပ်လာမည်ဆိုပါက အင်အားသုံး ထိန်းချုပ်သွားမည်ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် လိုင်သည် ထိုင်ဝမ်လွတ်လပ်ရေး ကြေညာမည့်အရေးကို တရုတ်က စိုးရိမ်နေသော်လည်း လိုင်ကမူ သူသည် ထိုကဲ့သို့ လုပ်ဆောင်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ထိုင်ဝမ် တိုက်ခိုက်ခံရမည်ဆိုပါက အမေရိကန်သည် ထိုင်ဝမ်ကို ကာကွယ်ပေးသွားမည်ဟု မကြာသေးမီက ဘိုင်ဒန်၏ ပြောကြားမှုများသည် တရုတ်ကို ဒေါသထွက်စေခဲ့သည်။

သို့သော် ဇန်နဝါရီ ၁၃ ရက်က ထိုင်ဝမ်လွတ်လပ်ရေးကို မထောက်ခံကြောင်း ပြောကြားခဲ့သည့်် ဘိုင်ဒန်၏ မှတ်ချက်စကားသည် တရုတ်ကို ချွေးသိပ်သည့် သဘောမျိုး ဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြား ခဲ့သည်။

Source: ရိုက်တာ