CNI International News

ဆိုးလ်၊ ဇန်နဝါရီ ၁၅

မြောက်ကိုရီးယားသည် ဇန်နဝါရီ ၁၅ ရက်က သံသယဖြစ်ဖွယ် တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ပင်လယ် အတွင်းသို့ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားသည် ဒေသတွင်းရှိ အမေရိကန်စစ်စခန်းများကို တိုက်ခိုက်နိုင်စွမ်းရှိပြီး ရေဒါဖြင့် ဖမ်းယူရန် ခက်ခဲသည့် ဒုံးကျည်အင်ဂျင်များကို စမ်းသပ်ခဲ့ပြီး နှစ်လအကြာတွင် ယခုကဲ့သို့ ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ခြင်း ဖြစ်သည်။

ယခုဒုံးကျည် ပစ်လွှတ်မှုသည် ယခုနှစ်အတွင်း မြောက်ကိုရီးယား၏ ပထမဆုံးအကြိမ် ဒုံးကျည်ပစ်လွှတ်မှု ဖြစ် သည်။ 

ကျွမ်းကျင်သူများကမူ မြောက်ကိုရီးယားသည် ဧပြီလတွင် ကျင်းပမည့် တောင်ကိုရီးယား လွှတ်တော်ရွေးကောက်ပွဲ နှင့် နိုဝင်ဘာလတွင် ကျင်းပမည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲများမတိုင်မီ ဒုံးကျည်စမ်းသပ်မှုများ ပြုလုပ်ပြီး ဖိအားများပေးရန် ကြိုးပမ်းနေခြင်း ဖြစ်နိုင်သည်ဟု ပြောကြားခဲ့သည်။

ဇန်နဝါရီ ၁၄ ရက်နေ့ မွန်းလွဲပိုင်းတွင် မြောက်ကိုရီးယား၏ ပြုံယမ်းမြို့တော်မှ တာလတ်ပစ် ပဲ့ထိန်းဒုံးကျည် တစ်စင်း ပစ်လွှတ်ခဲ့သည်ကို ထောက်လှမ်းတွေ့ရှိခဲ့သည်။

မြောက်ကိုရီးယားက ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ကို တွေ့ရစဉ်

ထိုဒုံးကျည်သည် မြောက်ကိုရီးယား၏ အရှေ့ဘက် ပင်လယ်အတွင်းသို့ ပျံသန်းသွားခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ (JCS) က ထုတ်ပြန်ခဲ့သည်။

အဆိုပါ ဒုံးကျည်ပစ်လွှတ်မှုနှင့်ပတ်သက်ပြီး တောင်ကိုရီးယားစစ်တပ်က အသင့်အနေအထား ပြင်ဆင်ခဲ့ကာ အမေရိကန်၊ ဂျပန်တို့နှင့်အတူ အသေးစိတ် အချက်အလက်များကို လေ့လာနေကြောင်း JCS ၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကလည်း မြောက်ကိုရီးယား၏ ဖြစ်နိုင်ခြေရှိသည့် ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်မှုကို ထောက်လှမ်းသိရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ 

ထိုဒုံးကျည်သည် သမုဒ္ဒရာအတွင်းသို့ ကျရောက်သွားခဲ့သည်ဟု ယူဆရကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။

မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်လိုက်ကြောင်း သတင်းဖော်ပြထားစဉ်

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကလည်း မြောက်ကိုရီးယားသည် တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်များအတွက် လောင်စာ တောင့်သုံး ဒုံးအင်ဂျင်အသစ်များကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ 

မြောက်ကိုရီးယားသည် ထိုဒုံးအင်ဂျင် အသစ်များကို အသုံးပြုပြီး ဂျပန်နိုင်ငံ၊ အိုကီနာဝါ (Okinawa) ကျွန်းနှင့် အမေရိကန်၏ ဂူအမ် (Guam) ကျွန်းပေါ်ရှိ အမေရိကန်စစ်စခန်းများကို ပစ်မှတ်ထား တိုက်ခိုက်ရန် ရည်ရွယ်ထား ခြင်းဖြစ်နိုင်ကြောင်း လေ့လာစောင့်ကြည့်သူများက ပြောကြားခဲ့သည်။

လောင်စာတောင့်သုံး ဒုံးကျည်များသည် လောင်စာအရည်သုံး ဒုံးကျည်များထက် ရွှေ့ပြောင်းသယ်ဆောင်မှုနှင့် ပစ်ခတ်မှုများတွင် ပိုမိုလွယ်ကူကြောင်း လက်နက်ကျွမ်းကျင်ပညာရှင်များက ပြောကြားခဲ့သည်။

Source: အေပီ