CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၅

တိုက်ပွဲရှောင်နေသော ရှမ်းနီလူမျိုး အဖွားအိုတစ်ဦး ကွယ်လွန်သွားသည့်အတွက် အသုဘပို့ပြီး ပြန်လာကြသော ရှမ်းနီလူမျိုး အမျိုးသား ၄ ဦးကို ကူးကီးအမျိုးသားများတပ်မတော်(KNA/KNO)က ဇန်နဝါရီ ၁၃ ရက်နေ့တွင် ဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း ဒေသခံများက ပြောသည်။

အိန္ဒိယ-မြန်မာနယ်စပ်အနီး တိုက်ပွဲများကြောင့် သနန်ကျေးရွာမှ ရှမ်းနီလူမျိုးများသည် အိန္ဒိယ-မြန်မာ နယ်စပ် မျဉ်းပေါ်ခွ၍ တည်ဆောက်ထားသော စံခပ်လော်ရွာသို့ ထွက်ပြေးခိုလှုံနေကြရသည်။

သနန်ရွာသား တစ်ဦးက “ ကူးကီး-ချင်းတပ်ဖွဲ့က ရှမ်းနီအမျိုးသား ၄ ဦးကို ဖမ်းသွားပြီးတော့ သတ်ပစ်လိုက် တယ်။ သူတို့က စစ်ရှောင်အဖွားတစ်ဦး သေလို့ အသုဘသွားပို့တာ။ အပြန်မှာ ဖမ်းဆီးခံလိုက်ရတယ်။ ပြီး လည်း ပြီးရော သတ်ပစ်လိုက်တာ။ ဘာကြောင့် ဖမ်းတယ်ဆိုတာလည်း မသိရဘူး။ အရင် ၂၀၂၃ နိုဝင်ဘာလ တုန်းကလည်း ရှမ်းနီလူမျိုး ၃၇ ဦးကို ကူးကီးတပ်ဖွဲ့က ဖမ်းပြီးတော့ သတ်ပစ်လိုက်တယ်။ အဲဒီ ၃၇ ဦးထဲမှာ မိသားစုလိုက် ကလေးတွေရော လူကြီးတွေရောကို ပါသွားတယ်”ဟု ပြောသည်။

 သနန်ကျေးရွာမှ တိုက်ပွဲရှောင် ရှမ်းနီလူမျိုးများကိုတွေ့ရစဉ်

ထိုသို့ နေရပ်စွန့် တိုက်ပွဲရှောင်နေကြသည့် ရှမ်းနီလူမျိုးများထဲမှ အဖွားအို တစ်ဦးသည် ကွယ်လွန်သွားသည့် အတွက် သနန်ရွာသား ရှမ်းနီအမျိုးသား လေးဦး (အသက် ၄၀ ဝန်းကျင်ရှိ) ဆေမျိုးအောင်၊ ဆေဖိုးတူး၊ ဆေဖိုးနီ၊ ဆေစံမြင့်တို့သည် ဇန်နဝါရီ ၁၃ ရက်နေ့က အသုဘပို့ပြီး ပြန်အလာ လမ်းမှာ ကူးကီးတပ်ဖွဲ့က ဖမ်းဆီး၍ သတ် ဖြတ် ပစ်ခြင်းကို ခံလိုက်ရသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက်နေ့ကလည်း ကူးကီးတပ်ဖွဲ့သည် သနန်ရွာမှ ရှမ်းနီလူမျိုး ၃၇ ဦးကိုလည်း ဖမ်းဆီး၍ သတ်ဖြတ်ခဲ့သေးသည်။

သနန်ကျေးရွာသည် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်အတွင်းမှာ ပါဝင်ပြီး တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)၊ ကူးကီးတပ်ဖွဲ့(KNA/KNO)၊ မြန်မာ့တပ်မတော်၊ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)တို့ စစ်ရေးလှုပ်ရှား လျက်ရှိနေသည်။

ထိုသို့ စစ်ရေးလှုပ်ရှားမှုများကြောင့်လည်း PDF-KNA ပူးပေါင်းတပ်ဖွဲ့နှင့် မြန်မာ့တပ်မတော်ကြား မကြာခဏ တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။