CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၅ 

မိမိတို့ ရှမ်းနီဒေသတွင်း နေထိုင်ကြသော ပြည်သူထူ၏ အသက်၊ အိုးအိမ်စည်းစိမ်နှင့် အခြားပြည်သူ့အကျိုး စီးပွားများ ပျက်ပြားစေရန် ကြံဆောင်လုပ်ကိုင်ကြသည့် မည်သည့်အဖွဲ့အစည်းကိုမဆို တုန့်ပြန်တိုက်ထုတ်မည် ဟု ရှမ်းနီအမျိုးသားများတပ်မတော်(SNA)က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့ သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ် အောင်ဇေယျမြို့၊ သနန်ရွာမှ ရှမ်းနီလူမျိုးများကို ကူကီးအမျိုးသားများ တပ်မတော်(KNA/KNO)က သတ်ဖြတ်နေမှုနှင့်ပတ်သက်ပြီး ရှမ်းနီတပ်ဖွဲ့ SNA က ယခုလို ထုတ်ပြန်လာခြင်း ဖြစ်သည်။ 

SNA က “ရှမ်းနီအမျိုးသားများတပ်မတော်(SNA)သည် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ မည်သည့် တိုင်းရင်း သား လူမျိုးကိုမဆို ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေးအတွက် ချစ်ကြည်ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံ လျက်ရှိသည်။ သို့သော် မိမိတို့ ရှမ်းနီလူမျိုးများအပေါ် မတရားဖိနှိပ်၊ လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် ရက်စက်စွာ ကျူးလွန်ကြသော မည်သည့်လုပ်ရပ်မျိုးကိုမဆို ကာကွယ်တိုက်ဖျက်ရန် အားထုတ်မည်ဖြစ်သည်။ မိမိတို့ ရှမ်းနီဒေသတွင်း နေထိုင်ကြသော ပြည်သူလူထု၏ အသက်၊ အိုးအိမ်စည်းစိမ်နှင့် အခြားပြည်သူ့အကျိုး စီးပွားများ ပျက်ပြားစေရန် ကြံဆောင်လုပ်ကိုင်ကြသော မည်သည့်အဖွဲ့အစည်းကိုမဆို တုန့်ပြန် တိုက်ထုတ်မည် ဖြစ်သည်”ဟု ပြောသည်။

SNA ရဲ့ ထုတ်ပြန်ချက်ကိုတွေ့ရစဉ်

ထို့နောက် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက်နေ့က ကူကီးတပ်ဖွဲ့(KNA/KNO)များသည် ရှမ်းနီဒေသဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီး၊ အောင်ဇေယျမြို့၊ သနန်ရွာတွင် ဒေသခံ ရှမ်းနီအမျိုးသား အပြစ်မဲ့ ပြည်သူ ၃၇ ဦးနှင့် ကလေးသူငယ်ပါမကျန် မိသားစုလိုက်ကို ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်း SNA က ထုတ်ပြန်ခဲ့သည်။

အလားတူ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်လည်း ကူကီးတပ်ဖွဲ့(KNA/KNO)များသည် စစ်ကိုင်းတိုင်းဒေသကြီး၊ အိန္ဒိယ-မြန်မာနယ်စပ်မျဉ်းပေါ်ရှိ စံခပ်လော်ကျေးရွာတွင် တိုက်ပွဲရှောင်နေကြချိန် အသုဘပို့ပြန်လာသော သနန် ရွာသား ရှမ်းနီအမျိုးသား ပြည်သူ ၄ ဦးအား ရက်စက်စွာ သတ်ဖြတ်ခဲ့သည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထား သည်။

SNA “အပြစ်မဲ့ ပြည်သူလူထုအား ရည်ရွယ်ချက်ရှိရှိဖြင့် လက်နက်ကိုင် အကြမ်းဖက် သတ်ဖြတ်ခြင်း ဖြစ်သည်။ အဆိုပါ လုပ်ရပ်သည် လူမဆန်သည့်အပြင် လူမျိုးတစ်မျိုးမှ အခြားလူမျိုးအား အနိုင်ကျင့် ဗိုလ်ကျခြင်းဖြစ်သည်။ မိမိတု့ိ ရှမ်းနီလူမျိုးများအား လူမျိုးသုဉ်း ပျက်စီးစေလိုသော ရည်ရွယ်ချက်ဖြင့် သတ်ဖြတ်သည့်အတွက် အဆိုပါ လုပ်ရပ်အား ပြင်းထန်စွာ လုံးဝ(လုံးဝ) ဆန့်ကျင်ကန့်ကွက် ရှုတ်ချသည်”ဟု ပြောသည်။

ကူကီးတပ်ဖွဲ့ KNA ကို တွေ့ရစဉ်

နောင်ယခုလို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမျိုးသည် လူမျိုးသုဉ်း သတ်ဖြတ်မှုမြောက်ပါသောကြောင့် ကူကီး တပ်ဖွဲ့နှင့် ၎င်းတို့အား ပံ့ပိုးကူညီကြသော အဖွဲ့အစည်းများတို့၏ အလုံးစုံ တာဝန်သာ ဖြစ်ကြောင်း သတိပေးလိုက် သည်ဟု ရှမ်းနီအမျိုးသားများတပ်မတော်(SNA)က ထုတ်ပြန် ပြောကြားခဲ့သည်။

ကူကီးအမျိုးသားတပ်မတော်(KNA/KNO)ကို ၁၉၈၉ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်က ထူထောင်ခဲ့ပြီး အိန္ဒိယ-မြန်မာ နယ်စပ်၊ ချင်းပြည်နယ် တွန်းဇံမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ လေရှီးမြို့နယ်၊ မြို့သစ်မြို့၊ တမူးမြို့နယ်တို့မှာ လှုပ်ရှားလျက်ရှိသည်။

KNA/KNO ၏ မဟာမိတ်များမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့ ဖြစ်ပြီး လက်နက်ခဲယမ်း ထောက်ပံ့မှုကို KIA ကအဓိက ပံ့ပိုး ကူညီပေးထားသည်။

ရှမ်းနီအမျိုးသားများတပ်မတော်(SNA)သည် ၁၉၈၉ ခုနှစ်၊ ဇူလိုင်လက စတင်ထူထောင်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသ ကြီးနှင့် ကချင်ပြည်နယ်အတွင်းရှိ ရှမ်းနီဒေသများကို စုစည်း၍ ရှမ်းနီပြည်နယ်ရရှိရေး အပါအဝင် ဒေသတွင်း လက် နက်ကိုင်အဖွဲ့များ၏ အနိုင်ကျင့်မှုများအန္တရာယ်မှ ကာကွယ်နိုင်ရေး၊ တိုင်းရင်းသားများ တန်းတူညီမျှရေး၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကြိုးပမ်းလျက်ရှိသည်။