CNI Article
၂၀၂၅ ခုနှစ်၊ မတ်လ ၂၁
စစ်ကိုင်းတိုင်းသည် တည်ငြိမ်အေးချမ်းသော နယ်မြေကနေ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ပြောင်းလဲ သွားသည့် နိုင်ငံရေး အခင်းအကျင်းများကြားမှာ စစ်ပွဲများဖြင့် ပြည့်နှက်လာခဲ့သည်။
ထိုစစ်ပွဲများသည် စစ်ကိုင်းတိုင်းတွင် မကြုံတွေ့ဖူးသော အတွေ့အကြုံများကို ပေးစွမ်းခဲ့သည်။ စစ်ကိုင်းတိုင်းတွင် ဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် မြန်မာနိုင်ငံ၏ စပါးကျီကို ထိခိုက်စေခဲ့သလို ဒေသတွင်း စားနပ်ရိက္ခာ လိုအပ်ချက် များလည်း ဖြစ်ပေါ်စေခဲ့သည်။
ထို့နောက် ကုန်ဈေးနှုန်းများ အဆမတန် မြှင့်တက်လာကာ ဒေသတွင်းနေ ပြည်သူလူထု၏ စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့လာရသည်။
အဆိုးဆုံးမှာ စစ်ကိုင်းတိုင်းအတွင်းရှိ ထီးချိုင့်၊ ယင်းမာပင်၊ ပုလဲ၊ ပင်လည်ဘူး၊ ကသာ၊ ကောလင်း၊ အင်းတော်၊ ဗန်းမောက်၊ ဟုမ္မလင်း၊ တမူး၊ ကလေး၊ ခမ်းပတ်၊ ရွှေပြည်အေး စသည့် မြို့နယ်များအတွင်းမှာ စစ်ပွဲများကြောင့် နေအိမ်များဆုံးရှုံးရကာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူများ ဘဝသို့ ရောက်ရှိလာခဲ့ကြရခြင်း ဖြစ်သည်။
စစ်ပွဲများကြောင့် လက်နက်မကိုင်သော အရပ်သားများသည် ဒုက္ခမျိုးစုံ ကြုံတွေ့နေရသော်လည်း စစ်ပွဲများအတွင်း လက်နက်ကိုင်ထားသူများကတော့ လက်ဖျားငွေသီးကာ ကောင်းကောင်းမွန်မွန် နေထိုင်နေကြရသည်ကိုလည်း တမူထူးခြားစွာ တွေ့ရပြန်သည်။
အဘယ်ကြောင့်ဆိုသော် စစ်ကိုင်းတိုင်းသည် သယံဇာတကြွယ်ဝ လျက်ရှိသည့်အတွက် လက်နက်ကိုင်ထားသော အဖွဲ့အစည်း ပေါင်းစုံသည် သယံဇာတများ တူးဖော်/ထုတ်လုပ်ခွင့် ပြုခြင်းကနေ ရရှိလာသော ဝင်ငွေများက လက်ဖျားကို ငွေသီးခြင်းဖြစ်သည်။
ထို့ကြောင့် စစ်ကိုင်းတိုင်းအတွင်းတွင် မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းများ လှုပ်ရှားနေသလဲ၊ မည်သည့် သယံဇာတများ ထွက်ရှိသလဲ၊ ဘယ်လို သယံဇာတ အမျိုးအစားထွက်ရှိသော ဒေသမှာ မည်သည့် လက်နက်ကိုင် များ လှုပ်ရှားနေသလဲ စသဖြင့် ၃ ပိုင်းခွဲခြမ်း၍ လေ့လာကြည့်ရပါမည်။
လက်နက်ကိုင်များ အခြေပြု လှုပ်ရှားရာ နေရာပြ မြေပုံကိုတွေ့ရစဉ်
ပထမဆုံး စစ်ကိုင်းတိုင်းအတွင်းတွင် မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းများ လှုပ်ရှားနေသလဲဆိုသည်ကို လေ့လာ ကြည့်ရအောင်ပါ။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင် နာဂလက်နက်ကိုင် NSCN (နာဂလက်နက်ကိုင် အဖွဲ့အစည်း အနည်းဆုံး ၆ ဖွဲ့ ရှိ)၊ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၊ ကသည်းလက်နက်ကိုင် (PLA,MPA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ အာရက္ခတပ်တော်(AA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ကရင် အမျိုးသား အစည်းအရုံး(KNU)တို့ရှိသည်။
ထို့ပြင် ချင်းအမျိုးသားတပ်ဦး(CNF)၊ ဇိုမီးတော်လှန်ရေးတပ်မတော်(ZRA/ZRO)၊ ကူကီးအမျိုးသားတပ်မတော်-မြန်မာနိုင်ငံ(KNA-B)၊ NUG အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDFs)များ၊ ဗမာအမျိုးသား တော်လှန်ရေး တပ်မတော် (BNRA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA-ကွန်မြူနစ်)၊ 96 soldier (ကိုဇေယျာလွင် ဦးဆောင်)၊ CNDF(ချင်းမျိုးနွယ်စုအဖွဲ့)၊ ဒေသကာကွယ်ရေးတပ်ဖွဲ့(LPDFs)များ စသဖြင့် ရှိကြသည်။
အလားတူ မြန်မာ့တပ်မတော်၏ လက်အောက်ရှိ ပြည်သူ့စစ်တပ်ဖွဲ့(ပသစ)များနှင့် ပျူစောထီးတပ်ဖွဲ့(ပစထ)များ လည်း ရှိကြသည်။
ဒုတိယအချက်ကတော့ စစ်ကိုင်းတိုင်းထဲတွင် ဂတ်စ်၊ ရေနံ၊ ကျောက်၊ ရွှေ၊ ကြေးနီ၊ သစ်၊ ရွှေဖြူ၊ ခရိုမိုက်၊ ပလက်တီနမ်၊ ကျောက်မီးသွေး၊ သံ၊ မြေရှားသတ္တု စသည့် သယံဇာတများ ထွက်ရှိကြောင်း သိရသည်။
ဥပမာ- ဟုမ္မလင်းမြို့နယ်တွင် သစ်၊ ရွှေ၊ ဂတ်စ်(တူးဖော်မှုမလုပ်ရသေး)၊ ရေနံ(တူးဖော်မှုမလုပ်ရသေး)၊ ရွှေဖြူ၊ မြေရှားသတ္တု(တူးဖော်မှုမလုပ်ရသေး)၊ ပလက်တီနမ်၊ ကျောက်မီးသွေး စသည့် သယံဇာတများ ထွက်ရှိကြောင်း ဘူမိဗေဒစာတမ်းများအရ သိရသည်။
ထိုမြို့နယ်တွင် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)နှင့် ဟုမ္မလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(HPDF)နှင့် HPDF-124၊ ခန္တီးခရိုင်တပ်ရင်းများ လှုပ်ရှားလျက်ရှိပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကတော့ အနည်းငယ် ရှိသည်။
သို့သော် SNA က နယ်မြေ ၈၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားသည်။
ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ကို တွေ့ရစဉ်
အလားတူ ခန္တီးမြို့နယ်အတွင်းမှာတော့ ကျောက်၊ ရွှေ၊ ကျောက်မီးသွေး၊ ရေနံ(တူးဖော်မှုမလုပ်ရသေး)၊ ဂတ်စ် (တူးဖော်မှုမလုပ်ရသေး) စသည့် သယံဇာတများ ထွက်ရှိသည်။
ထိုမြို့နယ်အတွင်းမှာတော့ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/ အန်းမိုင်(NSCN-K/AM)၊ နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(NPDF)၊ အရှေ့နာဂအမျိုးသားအဖွဲ့ အစည်း(ENNO/ ENDA)တို့ ရှိကြသည်။
ထို့နောက် နာဂဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် နာဂ-အိန္ဒိယနယ်စပ်တို့တွင် ရွှေ၊ ဂတ်စ်(တူးဖော်မှုမလုပ်ရ သေး)၊ ကျောက်မီးသွေး၊ နီကယ်၊ ခရိုမိုက်၊ ကြေးနီ၊ ပလက်တီနမ်တို့ ထွက်ရှိကြောင်း သိရသည်။
အဆိုပါ နယ်မြေများအတွင်း၌ NSCN-K/AM၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/ယုံးအောင်(NSCN-K/ YA)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-အိုက်ဇက်ချီရှီစူ/ဗွီးဗား(NSCN-IM)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ- ဟန်ရှီရမ်ဆန်း(NSCN-HS)၊ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၊ ENNO၊ NPDF စသည့် အဖွဲ့အစည်းများ လှုပ်ရှားလျက်ရှိသည်။
ထို့ပြင် တမူးမြို့နယ်အတွင်းမှာတော့ ရွှေ၊ ဂတ်စ်(တူးဖော်မှုမလုပ်ရ သေး)၊ ကျောက်မီးသွေး၊ နီကယ်၊ ခရိုမိုက်၊ ကြေးနီ၊ ပလက်တီနမ်တို့ ထွက်ရှိကြောင်းလည်း ဘူမိဗေဒစာတမ်းများအရ သိရသည်။
တမူးမြို့နယ်အတွင်းမှာတော့ ကသည်းလက်နက်ကိုင်များ အပါအဝင် SNA၊ NSCN-IM၊ NSCN-HS၊ ကူကီး အမျိုးသားတပ်မတော်-မြန်မာနိုင်ငံ(KNA-B)၊ တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Tamu PDF)၊ CNDF (ချင်းမျိုးနွယ်စု)တို့ လှုပ်ရှားလျက်ရှိသည်။
အထက်ပါ မြို့နယ်များသည် ဥပမာအနေဖြင့် သရုပ်သဏ္ဍန်ခွဲခြား၍ ရည်ညွန်းဖော်ပြခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်းထဲရှိ ကလေးမြို့၊ ကလေးဝ၊ မင်းကင်း၊ ယင်းမာပင်၊ ပုလဲ၊ ရွှေဘို၊ မုံရွာ၊ ကနီ၊ မော်လိုက်၊ ထီးချိုင့်၊ ကသာ၊ ဗန်းမောက်၊ အင်းတော်၊ ကောလင်း၊ ဝန်သို၊ ပင်လည်ဘူး၊ ရွှေပြည်အေး စသည့် မြို့နယ်များအတွင်းမှာလည်း သယံဇာတများ ထွက်ရှိသလို လက်နက်ကိုင် အဖွဲ့အစည်းပေါင်းစုံ လှုပ်ရှားလျက်ရှိသည်။
ထို့ကြောင့် စစ်ကိုင်းတိုင်းသည် လက်နက်ကိုင် ပဋိပက္ခများ အပြင်းအထန်ဆုံး ဒေသဖြစ်လာခဲ့ပြီး အိမ်နီးချင်း နိုင်ငံများကလည်း သယံဇာတများ ဈေးသက်သာစွာဖြင့် ရရှိရေးအတွက် စိတ်ဝင်စားလျက်ရှိနေသည်။
စစ်ကိုင်းတိုင်းသည် အိန္ဒိယနိုင်ငံနှင့် ထိစပ်နေသလို တရုတ်နိုင်ငံဖြင့်လည်း လီဒိုလမ်းမကြီး အပါအဝင် တခြားသော လမ်းမများကနေ သွားလာနိုင်ခြင်းကြောင့် အိန္ဒိယနှင့် တရုတ်သည် စစ်ကိုင်းတိုင်းထဲက သယံဇာတ အရင်းအမြစ် များကို စိတ်ဝင်စားနိုင်သည်။
စစ်ကိုင်းတိုင်းအတွင်းက လက်နက်ကိုင်လှုပ်ရှားနေပုံကို ပြသထားစဉ်
ထို့အပြင် စစ်ကိုင်းတိုင်းထဲတွင် မတည်ငြိမ်လျှင် အိန္ဒိယအတွက်လည်း အနှောင့်အယှက်ဖြစ်နိုင်သလို တရုတ်၏ လက်တန်ဟု အိန္ဒိယက ယူဆနေသည့် နာဂနှင့်ကသည်း လက်နက်ကိုင်များအပြင် တခြားသော လက်နက်ကိုင် များရှိနေခြင်းကလည်း စစ်ကိုင်းတိုင်းထဲမှ အခြေအနေကို အိန္ဒိယက သတိထား စောင့်ကြည့်ရမည့် အခြေအနေတွင် ရှိနေနိုင်သည်။
ထိုသို့ဆိုလျှင် အိန္ဒိယသည် စစ်ကိုင်းတိုင်းထဲရှိ သယံဇာတများ တူးဖော်နိုင်ရေး (သို့မဟုတ်) ရင်းနှီးမြှုပ်နှံရေး စီမံကိန်းများ အကောင်အထည်ဖော်နိုင်ဖို့အတွက် များပြားသော လက်နက်ကိုင်များကို ဘယ်လိုချဉ်းကပ်မလဲက စိတ်ဝင် စားစရာကောင်းလှသည်။
သို့သော် အိန္ဒိယသည် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်အင်အားစုများကို ချဉ်းကပ်မှုဖြင့် နှိုင်းယှဉ် ကြည့်လျှင် အလွန်နှေးကွေးလေးလံသည်ကို တွေ့ရခြင်းကြောင့် တရုတ်က အိန္ဒိယကို နှာတစ်ဖျားသာ သွားနိုင်မ လားဆိုတာကလည်း စိတ်ဝင်စားစရာကောင်းလှသည်။
တခြားတစ်ဖက်မှာတော့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ၂၀၂၅ ခုနှစ်၊ မတ်လ ၃-၉ ရက် အတွင်း ရုရှား-ဘယ်လာရုစ် နှစ်နိုင်ငံ ခရီးစဉ်အတွင်း စစ်ကိုင်းတိုင်း၊ ခန္တီးဒေသ၌ ကျောက်စိမ်တူးဖော်ရေးအတွက် ရုရှားကို ဖိတ်ခေါ်ကမ်းလှမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေအနေများကြောင့် စစ်ကိုင်းတိုင်းသည် အင်အားကြီး နိုင်ငံများ၏ သယံဇာတ တူးဖော်ရေး ရည်မှန်း ချက်များနှင့်အတူ အင်အားချိန်ခွင်လျှာညှိခြင်းဖြင့် စစ်ရှိန်မြှင့်လာမည်ကိုလည်း စိုးရိမ်စရာကောင်းလှသည်။
အဘယ်ကြောင့်ဆိုသော် စစ်ကိုင်းတိုင်းထဲတွင် လက်နက်ကိုင် ပေါင်းစုံလှုပ်ရှားနေသလို မတူညီသော နယ်မြေ ထိန်းချုပ်မှုများ ဖြစ်နေခြင်းကြောင့် အင်အားကြီး နိုင်ငံများအနေဖြင့် စစ်ကိုင်းတိုင်းထဲ၌ သယံဇာတများ တူး ဖော်ရေး ရင်းနှီးမြှုပ်နှံမှုများ လုပ်မည်ဆိုလျှင် ဒေသတွင်းရှိ လက်နက်ကိုင် အင်အားစုများကို မေ့ထား၍ မရပေ။
သို့သော် နစကသည် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဥပဒေကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်က ထုတ်ပြန်ခဲ့ သည့်အတွက် ပြည်ပနိုင်ငံများသည် မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံပါက မိမိ၏ ကုမ္ပဏီ၊ ဝန်ထမ်း၊ စီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုတို့ကို မိမိ၏ အစီအစဉ်ဖြင့် လက်နက်ကိုင်ဆောင်၍ လုံခြုံရေး ရယူသွားနိုင်မည်ဖြစ်သည်။
နစကဥက္ကဋ္ဌနဲ့ ရုရှားသမ္မတ ပူတင်ကို တွေ့ရစဉ်
မည်သို့ပင်ဆိုစေကာမူ လက်နက်ကိုင်ပေါင်းစုံနှင့် စစ်ပွဲများ အရှိန်မြှင့်နေသည့် စစ်ကိုင်းတိုင်းထဲက သယံဇာတများ တူးဖော်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများကို လုပ်မည်ဆိုလျှင် ရင်းနှီးမြှုပ်နှံလိုသူများသည် မည်ကဲ့သို့သော ချဉ်းကပ်သင့်လဲ စဉ်းစားရမည်ဖြစ်သည်။
တခြားတစ်ဖက်မှာတော့ သယံဇာတများ ကြွယ်ဝသော စစ်ကိုင်းတိုင်းသည် အင်အားကြီး နိုင်ငံများ၏ သယံဇာတ လုပွဲကနေ စစ်ကိုင်းတိုင်းသည် Proxy War အဖြစ် သွားလဲသွားမည်ကို ဒေသတွင်းနေ ပြည်သူများက စိုးရိမ်နေမှု များ ရှိနေပြန်သည်။
လက်ရှိတွင်လည်း စစ်ကိုင်းတိုင်းအတွင်း၌ မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်အင်အားစုများကြားလည်း ကောင်း၊ လက်နက်ကိုင် အင်အားစု အချင်းချင်းများ ကြားလည်းကောင်း တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွား နေသည်။
စစ်ကိုင်းတိုင်းအတွင်းက တိုက်ပွဲများကို ခွဲခြမ်းစိတ်ဖြာကြည့်ပါက စစ်ကိုင်းတိုင်းအောက်ပိုင်း ပုလဲ၊ ယင်းမာပင်၊ မုံရွာ၊ ရွှေဘို၊ ဝက်လက်၊ ချောင်းဦး၊ မင်းကင်း၊ ကန့်ဘလူ၊ ကျွန်းလှ၊ ကလေး၊ ကလေးဝ၊ ကနီ စသည့် ဒေသများတွင် PDFs၊ BNRA၊ 96 soldier၊ KNU၊ PLA၊ KIA၊ ABSDF၊ CNDF စသည့် လက်နက်ကိုင် အင်အားစုများနှင့် မြန်မာ့ တပ်မတော်၊ ပြည်သူ့စစ်(ပသစ)၊ ပျူစောထီးတပ် တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။
ထို့နောက် စစ်ကိုင်းတိုင်းအလယ်ပိုင်းက မော်လိုက်၊ ကောလင်း၊ ထီးချိုင့်၊ ခမ်းပတ်၊ ပင်လည်ဘူး၊ ဝန်းသို၊ တမူး၊ ဖောင်းပြင်၊ အင်းတော်၊ ကသာ၊ ဗန်းမောက် စသည့် မြို့နယ်များတွင် AA၊ ABSDF၊ KIA၊ PDFs၊ CNF၊ CNDF၊ SNA၊ ကသည်းလက်နက်ကိုင်၊ NSCN-IM (နာဂလက်နက်ကိုင်)၊ မြန်မာ့တပ်မတော်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေကြ သည်။
အလားတူ စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်း၊ ခန္တီး၊ ဆွမ္မရာ၊ လေရှီး၊ ထန်ပါခွေ၊ လဟယ်၊ ဒုံးဟီး၊ နန်းယွန်း၊ ပန်ဆောင် စသည့် နယ်မြေများအနက် ဟုမ္မလင်းမြို့နယ်အတွင်း SNA နှင့် KIA-PDFs ပူးပေါင်းတပ်များကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး ကျန်ဒေသများမှာတော့ တိုက်ပွဲမရှိသော်လည်း စစ်ရေးအရ အဖွဲ့ပေါင်းစုံ လှုပ်ရှား၍ စစ်ရေးသတိ အနေအထားကို ပြင်ဆင်ထားကြသည်။
ထို့ကြောင့် သယံဇာတကြွယ်ဝရာမြေကနေ စစ်ပွဲအတွင်းက ရုန်းမထွက်နိုင်သော စစ်ကိုင်းတိုင်းမဖြစ်အောင် အားလုံးက သတိထား ချဉ်းကပ်၍ စစ်ကိုင်းတိုင်းအတွင်းက လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးကို အဖြေရှာ ရမည်။
KIA နဲ့ PDFs ပူးပေါင်းတပ်ဖွဲ့ကို တွေ့ရစဉ်
တခြား တစ်ဖက်မှာတော့ စစ်ကိုင်းတိုင်း တစ်ခုလုံးကို KIA နှင့် NUG က ထိန်းချုပ်နိုင်ရေး အပြင်းအထန် ကြိုးပမ်းနေသည်။ သို့သော် KIA နှင့် NUG ၏ စစ်ကိုင်းတိုင်း တစ်ခုလုံး ထိန်းချုပ်ရေး မဟာဗျူဟာတွင် SNA က အဟန့်အ တားဖြစ်နေသည်။
ထို့ကြောင့် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ကို KIA နှင့် NUG က စစ်တိုက်၍ ဖယ်ထုတ်လာသလို တွေ့ဆုံ ဆွေးနွေးရန် ကမ်းလှမ်းခြင်း နည်းဗျူဟာဖြင့်လည်းကောင်း နည်းလမ်း ၂ သွယ်ဖြင့် ကြိုးပမ်းလာနိုင်သည်။
အကယ်၍ SNA ကို စစ်ရေးအရ အနိုင်ယူနိုင်လျှင် ဆွေးနွေးစရာမလိုသလို နယ်မြေခွဲဝေပေးစရာလည်း မလိုအပ် တော့သည့်အပြင် အနာဂတ်မှာ KIA ကို အဟန့်အတားဖြစ်စေနိုင်သော ရှမ်းနီလူမျိုး လက်နက်ကိုင်မရှိအောင် လည်း ဖြေရှင်းပြီးသား ဖြစ်သွားမည်။
သို့မဟုတ်ပဲ SNA ကို KIA နှင့် NUG က တွေ့ဆုံဆွေးနွေးနိုင်လာပြီးတော့ မဟာမိတ် လုပ်လာနိုင်ခဲ့ပါက သွေးထွက် သံယိုမှု မရှိဘဲ စစ်ကိုင်းတိုင်း တစ်ခုလုံး သိမ်းပိုက်နိုင်ရေး မဟာဗျူဟာကို အမြန်ဆုံးနှင့် ထိထိရောက်ရောက် အကောင်အထည် ဖော်သွားနိုင်မည့် အခြေအနေကို ရောက်ရှိမည်ဖြစ်သည်။
စစ်ကိုင်းတိုင်း၏ အလယ်ပိုင်းနှင့် အထက်ပိုင်း ဒေသတစ်ခုလုံးကို လက်နက်ကိုင်အင်အားစုများက ထိန်းချုပ်နိုင်ခဲ့ လျှင် မုံရွာမြို့အခြေစိုက် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နမခ) အပါအဝင် ချင်းပြည်နယ် တစ်ခုလုံး ထိန်း ချုပ်နိုင်ရေး ကြိုးပမ်းမှုအတွက် အထိရောက်ဆုံး အထောက်အကူ ဖြစ်လာနိုင်သည်။
ထို့နောက် မန္တးလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းက လက်နက်ကိုင် အင်အားစုများ၏ စစ်ရေး လည်း အရှိန်မြင့်လာအောင် စစ်ကိုင်းတိုင်းအတွင်းကနေ ထောက်ပံ့ကူညီပေးသွားနိုင်လိမ့်မည်။
ဤသို့သော အခြေအနေများ အားလုံးကို ခြုံငုံသုံးသပ်ကြည့်ပါက စစ်ကိုင်းတိုင်း၏ အနာဂတ်သည် စစ်ပွဲများ အတွင်းကနေ ရုန်းထွက်နိုင်ရန် အလှမ်းဝေးနေနိုင်သေးသည်။
မည်သို့ပင်ဆိုစေကာမူ စစ်ပွဲအတွင်းက စစ်ကိုင်းတိုင်း (သို့မဟုတ်) သယံဇာတကြွယ်ဝရာမြေ၏ အနာဂတ်သည် မည်သို့မည်ပုံ ဖြစ်လာမလဲဆိုတာကိုတော့ စောင့်ကြည့်ရပေတော့မည်။