CNI Sport Article

၂၀၂၅ ခုနှစ်၊ မတ်လ ၂၁

ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်တာ ပွဲစဉ် ၂၉ ပြီးဆုံးသွားခဲ့ပြီဖြစ်လို့ ရာသီအဆုံးသတ်ဖို့ နောက်ထပ်ပွဲစဉ် ၉ ပွဲသာ ယှဉ်ပြိုင်ဖို့ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

ဒီအချိန်မှာ ထိပ်ဆုံးနေရာက လီဗာပူးလ်အသင်းဟာ အဆင့် ၂ နေရာက အာဆင်နယ်အသင်းကို ၁၂ မှတ်အထိ ဖြတ်ထားနိုင်တာကြောင့် လက်ကျန်ပွဲတွေမှာ ခြေမချော်ရင် ချန်ပီယံဆုက သူတို့အတွက်ဖြစ်ဖို့ သေချာနေတာပါ။ 

တန်းဆင်းမယ့်နေရာ ၃ နေရာ အတွက်ကလည်း မနှစ်က ပရီးမီးယားလိဂ်ပြိုင်ပွဲကို တန်းတက်လာတဲ့ အသင်း ၃ သင်းစလုံးဟာ တန်းပြန်ဆင်းဖို့ ရာခိုင်နှုန်းများသွားပြီလို့ ပြောရမှာဖြစ်ပါတယ်။

အဆင့် ၁၈ နေရာက အစ်စဝှစ်ချ်နဲ့ အဆင့် ၁၉ နေရာက လက်စတာအသင်းတို့ဟာ အဆင့် ၁၇ နေရာက ဝုလ်ဗ်စ် အသင်းနဲ့ ၉ မှတ်ကွာဟနေပြီး အဆင့် ၂၀ နေရာက ဆောက်သမ်တန်အသင်းဆိုရင် ရမှတ် ၉ မှတ်သာရရှိကာ အခြေအနေ ဆိုးရွားနေတာပါ။ 

သင်္ချာနည်းအရကလွဲပြီး ဒီအသင်း ၃ သင်းစလုံးဟာ ပရီးမီးယားလိဂ်မှာ ဆက်ရှိဖို့ ခက်ခဲနေတာဖြစ်ပါတယ်။ 

အဲဒါကြောင့် လက်ကျန် ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ စိတ်ဝင်စားစရာ အကောင်းဆုံးက ဥရောပဝင်ခွင့် နေရာ အတွက် ပြိုင်ဆိုင်မှုပါ။

ပရီးမီးယားလိဂ်အသင်းတွေကို တွေ့ရစဉ်

အဆင့် ၃ နေရာမှာ ရပ်တည်နေတဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့် မရရင်တောင် ဥရောပ ဝင်ခွင့်တစ်နေရာကို ရယူနိုင်ဖို့ အခြေအနေ ကောင်းနေတာ ဖြစ်ပါတယ်။ 

လက်ရှိအချိန်မှာ စိတ်ဝင်စားဖို့ ကောင်းနေတာက အဆင့် ၄ နေရာမှာ ရပ်တည်နေတဲ့ ချယ်လ်ဆီးအသင်းနဲ့ အဆင့် ၁၀ နေရာမှာ ရပ်တည်နေတဲ့ ဘုန်းမောက်အသင်းတို့အကြားမှာ ရမှတ်ကွာဟမှုက ၅ မှတ်သာရှိတာပါ။ 

ရမှတ်ကွာဟမှုက ကျဉ်းမြောင်းတာကြောင့် လက်ကျန်ပွဲစဉ်တွေမှာ သူတို့တွေရဲ့ ရလဒ်အပေါ် မူတည်ပြီး အဆင့် ရပ်တည်မှုတွေကလည်း အများကြီး အပြောင်းအလဲ ဖြစ်သွားနိုင်ပါတယ်။ 

ဒီရာသီ ဥရောပပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ အင်္ဂလန်ကလပ် အသင်းတွေဟာ ပြိုင်ပွဲ ၃ ခုစလုံးရဲ့ ကွာတား ဖိုင်နယ်ကို တက်ရောက်ထားတာကြောင့် အင်္ဂလန်ဟာ UEFA ရဲ့လက်ရှိ အဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံးနေရာ ရပ်တည်နေတာပါ။ 

အင်္ဂလန်အနေနဲ့ ရာသီအကုန်ထိ ဒီအဆင့်နေရာမှာ ရပ်တည်နေမယ်ဆိုရင် လာမယ့်ရာသီကို ချန်ပီယံလိဂ်ဝင်ခွင့် ၅ နေရာ ရရှိမှာဖြစ်ပါတယ်။ 

ပုံမှန်ဆိုရင် ပရီးမီးယားလိဂ်ဟာ ထိပ်ဆုံး ၄ သင်း ချန်ပီယံလိဂ် ဝင်ခွင့်ရမှာဖြစ်ပေမယ့် UEFA ရဲ့အဆင့် သတ်မှတ် ချက်အရ အပိုဝင်ခွင့် တစ်နေရာ ရမှာဖြစ်လို့ အဆင့် ၅ နေရာမှာ ရပ်တည်တဲ့အသင်းလည်း ချန်ပီယံလိဂ် ဝင်ခွင့် ရရှိမှာပါ။

 လီဗာပူးလ်နဲ့နယူးကာဆယ်အသင်းကို တွေ့ရစဉ်

အဲဒါကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် အပိုတစ်နေရာအတွက် အသင်းတွေရဲ့ ပြိုင်ဆိုင်မှုဟာ ပိုပြီးစိတ်ဝင်စားဖို့ ကောင်းမှာ ဖြစ်ပါတယ်။ 

ပရီးမီးယားလိဂ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့် နေရာကို ထပ်ပြီးရယူနိုင်မယ့် နည်းလမ်းတွေကလည်း ရှိသေးတာပါ။ 

ဒါကတော့ လက်ရှိ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်နေတဲ့ အက်စတွန်ဗီလာအသင်းဟာ ချန်ပီယံဆု ရယူနိုင်ခဲ့ရင် ဝင်ခွင့်ထပ်ရမှာ ဖြစ်ပါတယ်။ 

ပြီးတော့ ယူရိုပါလိဂ်မှာ ယှဉ်ပြိုင်နေတဲ့ ယူနိုက်တက်နဲ့ စပါးအသင်းတို့ထဲက တစ်သင်းသာ ချန်ပီယံဆု ရယူနိုင်ခဲ့ ရင် ချန်ပီယံလိဂ် ဝင်ခွင့်နေရာကို ထပ်ပြီးရရှိသွားမှာပါ။

ဒီလိုတွေသာဖြစ်ခဲ့ရင် ပရီးမီးယားလိဂ်ဟာ ချန်ပီယံလိဂ် ဝင်ခွင့်နေရာကို ၇ နေရာအထိ ရရှိသွားမှာဖြစ်ပါတယ်။ 

ယူရိုပါလိဂ် ဝင်ခွင့်နေရာမှာလည်း ပရီးမီးယားလိဂ်ဟာ ၃ နေရာအထိ ရယူသွားနိုင်တဲ့ အခွင့်အရေး ရှိနေပါတယ်။ 

ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၆ နေရာမှာ ရပ်တည်တဲ့ အသင်းက ယူရိုပါလိဂ်ဝင်ခွင့်တစ်နေရာ၊ FA ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်တဲ့အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့် မရတဲ့အသင်းဖြစ်ရင် ယူရိုပါလိဂ်ဝင်ခွင့် တစ်နေရာ ကို ရရှိမှာပါ။

မန်စီးတီးအသင်းနဲ့ ချယ်လ်ဆီးအသင်း ယှဉ်ပြိုင်နေစဉ်

ပြီးတော့ ချယ်လ်ဆီးအသင်းအနေနဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲကနေ ဥရောပဝင်ခွင့်မရခဲ့ဘဲ ကွန်းဖရန့်လိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ရင် ယူရိုပါလိဂ်ဝင်ခွင့် တစ်နေရာကို ရရှိသွားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ နယူးကာဆယ်အသင်းဟာ ကွန်းဖရန့်လိဂ် ပလေးအော့ဖ်အဆင့် ယှဉ်ပြိုင်ခွင့် ရရှိထားတာပါ။

ဒါပေမယ့် နယူးကာဆယ်အသင်းအနေနဲ့ ချန်ပီယံလိဂ် ဒါမှမဟုတ် ယူရိုပါလိဂ် ဝင်ခွင့်ရခဲ့မယ်ဆိုရင် နောက်ထပ် အသင်းတစ်သင်းကို ကွန်းဖရန့်လိဂ် ဝင်ခွင့်ပေးရမှာ ဖြစ်ပါတယ်။

ဒီလိုတွေသာဖြစ်ခဲ့ရင် ပရီးမီးယားလိဂ်ဟာ လာမယ့်ရာသီမှာ ဥရောပဝင်ခွင့်ကို ၁၁ နေရာအထိ စံချိန်တင် ရရှိသွား မှာပါ။ 

ဒီလိုစံချိန်တင် ဝင်ခွင့်ရဖို့က လွယ်ကူမှာ မဟုတ်ပေမယ့် ပရီးမီးယားလိဂ် ကလပ်အသင်းတွေ အနေနဲ့ ဒီရာသီ ဥရောပပြိုင်ပွဲ၊ FA ဖလားပြိုင်ပွဲနဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲတွေရဲ့ လက်ကျန် ပွဲစဉ်တွေမှာ ဘယ်လောက်အထိ စွမ်းဆောင်နိုင်မလဲဆိုတာတော့ စောင့်ကြည့်ချင်စရာ ကောင်းနေတာဖြစ်ပါတယ်။