CNI Sport Article 

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၅

ပုံစံအသစ်နဲ့ ကျင်းပနေတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲဟာ ပွဲစဉ် ၃ အထိ ယှဉ်ပြိုင်ပြီးချိန်မှာ ရှုံးပွဲမရှိတဲ့ အသင်း အရေ အတွက်က ၁၀ သင်းသာရှိတော့တာ ဖြစ်ပါတယ်။ 

ဒီ ၁၀ သင်းထဲမှာ အင်္ဂလန်ကလပ် ၄ သင်းစလုံး ပါဝင်နေတာကြောင့် အင်္ဂလန်အသင်းတွေ အခြေအနေ ကောင်း နေတာကို မြင်တွေ့ခဲ့ရတာပါ။ 

ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို အင်္ဂလန်ကလပ်တွေဖြစ်တဲ့ မန်စီးတီး၊ အာဆင်နယ်၊ လီဗာပူးလ်နဲ့ အက်စတွန် ဗီလာအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။ 

အက်စတွန်ဗီလာနဲ့ လီဗာပူးလ်အသင်းတို့ဟာ ၃ ပွဲ ကစားပြီးချိန်မှာ ရာနှုန်းပြည့် နိုင်ပွဲရရှိထားပြီး အမှတ်ပေးဇယား အဆင့် ၁ နဲ့ ၂ နေရာမှာ ရပ်တည်နေတာပါ။ 

မန်စီးတီးနဲ့ အာဆင်နယ်အသင်းတို့ဟာ ၂ ပွဲနိုင် ၁ ပွဲသရေချင်း တူညီနေပေမယ့် ဂိုးကွာခြားချက်ကြောင့် မန်စီးတီး အသင်းက အဆင့် ၃ နဲ့ အာဆင်နယ်အသင်းက အဆင့် ၉ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ 

ရှုံးပွဲမရှိသေးတဲ့ နောက်ထပ် ၆ သင်းကတော့ ပြင်သစ်ကလပ်တွေဖြစ်တဲ့ မိုနာကိုနဲ့ ဘရက်စ်အသင်း၊ ဂျာမန်ကလပ် လေဗာကူဆင်၊ အီတလီကလပ် အင်တာမီလန်နဲ့ အတ္တလန်တာ၊ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအသင်းတို့ ဖြစ်တာပါ။ 

အက်စတွန်ဗီလာအသင်းကို တွေ့ရစဉ်

အင်္ဂလန်ကလပ် အသင်းတွေဟာ ကစားပြီးတဲ့ ၃ ပွဲမှာ အသင်းကြီးတွေနဲ့ ထိပ်တိုက်တွေ့ဆုံတဲ့ပွဲတွေ ပါဝင်ခဲ့ပေ မယ့် ရလဒ်ကောင်းတွေကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

အက်စတွန်ဗီလာအသင်းဟာ ဒီ ၃ ပွဲမှာ ယန်းဘွိုင်းစ်၊ ဘိုင်ယန်မြူးနစ်၊ ဘိုလော့ဂ်နာ အသင်းတို့နဲ့ ကစားခဲ့ရပြီး ရာနှုန်းပြည့် နိုင်ပွဲနဲ့အတူ ပေးဂိုးခွင့်ပြုရခြင်း မရှိသေးတာပါ။

လီဗာပူးလ်အသင်းဟာ အေစီမီလန်၊ ဘိုလော့ဂ်နာ၊ လိုက်ပ်ဇစ်အသင်းတို့နဲ့ ကစားခဲ့တာမှာ ရာနှုန်းပြည့်နိုင်ပွဲနဲ့ ပေးဂိုး ၁ ဂိုးသာ ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ 

မန်စီးတီးအသင်းက အင်တာမီလန်အသင်းနဲ့ သရေကျခဲ့ပြီး ဆလိုဗန်နဲ့ ဆပါတာအသင်းတို့ကို ဂိုးပြတ်အနိုင်ရကာ ပေးဂိုးခွင့်ပြုရခြင်း မရှိသေးတာပါ။ 

အာဆင်နယ်အသင်းဟာ အတ္တလန်တာအသင်းနဲ့ သရေကျခဲ့ပြီး ပီအက်စ်ဂျီ၊ ရှက်တာဒိုးနက်အသင်းတို့ကို အနိုင် ရရှိကာ ပေးဂိုးခွင့်ပြုရခြင်း မရှိသေးတာဖြစ်ပါတယ်။ 

 အာဆင်နယ်အသင်းကို တွေ့ရစဉ်

၃ ပွဲကစားပြီးချိန်မှာ အင်္ဂလန်ကလပ် အသင်းတွေရဲ့ရလဒ်နဲ့ စွမ်းဆောင်ရည်ဟာ အားရစရာကောင်းပြီး နောက် တစ်ဆင့် တက်နိုင်မယ့် အခွင့်အရေးအချို့ကို ပိုင်ဆိုင်ထားတာ တွေ့ခဲ့ရပါတယ်။

ပုံစံအသစ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ အသင်းတိုင်းဟာ အိမ်ကွင်း ၄ ပွဲ၊ အဝေးကွင်း ၄ ပွဲ ကစား ရမှာဖြစ်လို့ လက်ကျန်ပွဲစဉ် ၅ ပွဲကစားဖို့ ကျန်ရှိနေသေးတာပါ။ 

အဆင့် ၁ ကနေ ၈ အတွင်း ရပ်တည်တဲ့ အသင်း ၈ သင်းဟာ ၁၆ သင်းအဆင့်ကို အလိုအလျောက် တက်နိုင်မှာ ဖြစ်ပြီး အဆင့် ၉ ကနေ ၂၄ အတွင်းမှာ ရပ်တည်တဲ့ အသင်း ၁၆ သင်းဟာ ပလေးအော့ဖ် ကစားရမှာဖြစ်ပါတယ်။ 

အဆင့် ၂၅ ကနေ ၃၆ အထိ ရပ်တည်နေတဲ့ အသင်း ၁၂ သင်းကတော့ ပြိုင်ပွဲကနေ ထွက်ခွာရမှာပါ။ ပွဲစဉ် ၃ ပွဲအထိ ယှဉ်ပြိုင်ပြီး ဖြစ်တာကြောင့် ရလဒ်မကောင်းတဲ့ အသင်းတွေဟာ လာမယ့်ပွဲတွေမှာ ရလဒ်ကောင်းရယူဖို့ ကြိုးစားရ မှာဖြစ်သလို ရလဒ်ကောင်းတဲ့ အသင်းတွေက ဒီရလဒ်ကို ဆက်ထိန်းဖို့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ 

 မန်စီးတီးအသင်းကို တွေ့ရစဉ်

အင်္ဂလန်ကလပ် အသင်းတွေအနေနဲ့ ဒီပုံစံကို ဆက်ထိန်းနိုင်ရင် ထိပ်ဆုံး ၈ သင်းထဲကို ဝင်ရောက်နိုင်ဖို့ အခွင့်အလမ်းများနေတာပါ။ 

အနည်းငယ် ခြေချော်ခဲ့ရင်တောင် နောက်တစ်ဆင့် တက်နိုင်မယ့် ပလေးအော့ဖ် အခွင့်အရေးကို ရယူနိုင်ဖို့ ရှိနေတာ ဖြစ်ပါတယ်။ 

လာမယ့် ချန်ပီယံလိဂ်ပွဲစဉ် ၄ ဟာ အင်္ဂလန်ကလပ်တွေအတွက် စိန်ခေါ်မှု ဖြစ်လာဖို့ရှိနေပြီး ပွဲကြီးပွဲကောင်းတွေ ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။

ပွဲစဉ် ၄ မှာ လီဗာပူးလ်အသင်းက လေဗာကူဆင်အသင်း၊ မန်စီးတီးအသင်းက စပို့တင်းလစ္စဘွန်းအသင်း၊ အက်စတွန်ဗီလာအသင်းက ကလပ်ဘရုဂျ်အသင်းနဲ့ အာဆင်နယ်အသင်းက အင်တာမီလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ 

ဒီပွဲတွေကို အင်္ဂလန်ကလပ်တွေ ကျော်ဖြတ်နိုင်ရင် နောက်တစ်ဆင့်တက်ဖို့ အခြေအနေ ကောင်းသွားနိုင်ပါတယ်။ 

အဲဒါကြောင့် ပုံစံအသစ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အခြေအနေ ကောင်းနေတဲ့ပုံစံကို အင်္ဂလန်ကလပ်တွေ ဆက်ပြီး ထိန်းထားနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။