CNI Article
၂၀၂၅ ခုနှစ် ၊ မတ်လ ၂၁
နယ်စပ်တံတိုင်းတစ်ခုသည် ရာဇဝတ်သမားများ အားလုံးကို အန္တရာယ်မပြုနိုင်အောင် ဟန့်တားနိုင်ခဲ့မည်ဆိုပါက ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများအားလုံးသည် နယ်စပ်တံတိုင်းများကို နိုင်ငံပတ်ပတ်လည်တွင် တည်ဆောက် ကြလိမ့်မည်ဖြစ်ပြီး ကမ္ဘာကြီးသည် လုံခြုံသောနေရာတစ်ခု ဖြစ်လာမည်ဖြစ်သည်။
မည်သို့ပင်ဆိုစေ လက်တွေ့တွင်မူ ထိုအယူအဆနှင့်ဆန့်ကျင်ဘက် ဖြစ်သည်။
နိုင်ငံများအကြား ထိစပ်နေသည့် နယ်စပ်ဒေသများတွင် စိန်ခေါ်မှုများ ရှိနေနိုင်သော်လည်း နှစ်နိုင်ငံအကြား သို့မဟုတ် နှစ်နိုင်ငံထက်ပိုသည့် နိုင်ငံများကို ခွဲခြားရန် မြင့်မားသောတံတိုင်းများ ထူထောင်ခြင်းသည် ထိုပြဿနာ များအား ဖြေရှင်းနိုင်မည် မဟုတ်သကဲ့သို့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကိုလည်း အမှန်တကယ် အကာအကွယ် ပေးမည် မဟုတ်ပေ။
စင်စစ်တွင် နယ်စပ်တံတိုင်း ထူထောင်ခြင်းသည် ပြဿနာများကို ဖြေရှင်းခြင်းထက် ပြဿနာများကို ပိုမို ပေါ်ပေါက် လာစေနိုင်သည်။
ထိုင်းဝန်ကြီးချုပ် ပေတုန်တန် (Paetongtarn Shinawatra) ၏ အစိုးရအဖွဲ့သည် ထိုင်း-ကမ္ဘောဒီးယား နယ်စပ် တလျှောက် ကျားဖြန့်ဂိုဏ်းများကို ပိုမိုအရှိန်ကောင်းစေသည့် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများကို တားဆီးရန် နှစ်နိုင်ငံနယ်စပ်တွင် တံတိုင်းတည်ဆောက်မည့် အခြေအနေအား လေ့လာလျက်ရှိသည်။
ထိုင်းလုံခြုံရေးတပ်ဖွဲ့ကို တွေ့ရစဉ်
အွန်လိုင်းပေါ်မှ လိမ်လည်မှုများသာမက လူကုန်ကူးမှု၊ ခေတ်သစ် ကျေးကျွန်ပြုမှုတို့နှင့် ဆက်စပ်နေသည့် ထိုရာဇဝတ်ဂိုဏ်းများကို အာဏာပိုင်များက အရှိန်မြှင့် နှိမ်နင်းနေချိန်တွင် ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် တံတိုင်းတစ်ခု တည်ဆောက်မည့် အစီအစဉ်သည် လူအများကို အုတ်အော်သောင်းတင်းဖြစ်စေခဲ့သည်။
ပေတုန်တန်သည် နယ်စပ်တံတိုင်း တည်ဆောက်ရေး အဆိုပြုချက်နှင့် ပတ်သက်ပြီး ကမ္ဘောဒီးယား တာဝန်ရှိ သူများနှင့် ဆွေးနွေးရန် ကာကွယ်ရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနများကို ညွှန်ကြားခဲ့သည်။
ထိုင်းနှင့် ကမ္ဘောဒီးယား နယ်စပ်သည် အရှည် ၈၁၇ ကီလိုမီတာရှိသော်လည်း နှစ်နိုင်ငံနယ်စပ်တွင် ဖြတ်ကျော် ဝင်ရောက်မှု အများအပြားရှိသည့် ဆာကီယို-ပွိုင်ပက် (Sa Kaeo-Poipet) နယ်စပ်၌ ၅၅ ကီလိုမီတာ ရှည်လျား သော တံတိုင်းတစ်ခုကို တည်ဆောက်ရန် ထိုင်းကာကွယ်ရေးဝန်ကြီးဌာနက အဆိုပြုထားသည်။
ကနဦး လေ့လာသုံးသပ်ချက်အရ နယ်စပ်တံတိုင်း ထူထောင်ခြင်းသည် ခိုင်မာသည့် အဟန့်အတား တစ်ခုဟု ထင်ရနိုင်ပြီး မှောင်ခိုသမားများနှင့် လူကုန်ကူးသူများအတွက် ဒုစရိုက်မှုများ လုပ်ကိုင်ရန် ပိုမိုခဲယဉ်းစေလိမ့်မည်ဟု ယူဆရသည်။
မည်သို့ပင်ဆိုစေ ရာဇဝတ်မှု ကျူးလွန်သူများကို နယ်စပ်တံတိုင်း တစ်ခုတည်းဖြင့် မတားဆီးနိုင်ကြောင်း သမိုင်းကြောင်းများရှိခဲ့သည်။
ဥပမာအားဖြင့် အမေရိကန်-မက္ကဆီကို နယ်စပ်တံတိုင်းသည် တရားမဝင် ရွှေ့ပြောင်း နေထိုင်သူများနှင့် မူးယစ် ဆေးဝါး မှောင်ခိုကူးမှုတို့ကို တားဆီးနိုင်ခဲ့ခြင်းမရှိပေ။
ရာဇဝတ်မှု ကျူးလွန်သူများသည် ရုပ်ပိုင်းဆိုင်ရာ အတားအဆီးဖြစ်သည့် နယ်စပ်တံတိုင်းများကို ကျော်ဖြတ်ရန် အခြားနည်းလမ်းများဖြစ်သော မြေအောက်လိုဏ်ခေါင်းများ ဖောက်ခြင်း၊ လာဘ်ပေးလာဘ်ယူမှုနှင့် စာရွက် စာတမ်း အတုများကို အသုံးပြုခဲ့သည်။
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တံတိုင်း ဆောက်နေမှု ထိုင်းဝန်ကြီးချုပ် ပေတုန်တန် စစ်ဆေးနေစဉ်
ထို့ပြင် နယ်စပ်တံတိုင်းတစ်ခု တည်ဆောက်ရေးအတွက် ကုန်ကျစရိတ်က ကြီးမားလှသည်။
တံတိုင်း၏ အမြင့်နှင့် အသုံးပြုမည့် ကုန်ကြမ်းပစ္စည်းများပေါ် မူတည်ပြီး ၅၅ ကီလိုမီတာ အရှည်ရှိသည့် တံတိုင်း တစ်ခု တည်ဆောက်ရန် ဘတ်ငွေ သန်းပေါင်း ရာနှင့်ချီ ကုန်ကျနိုင်သည်။
နယ်စပ်တံတိုင်း တည်ဆောက်ပြီးသည့်တိုင် ရေရှည်စောင့်ကြည့်မှုနဲ့ နယ်စပ်ဒေသ ထိန်းချုပ်ရေးများကိုလည်း ဆက်လက် လုပ်ဆောင်ရမည်ဖြစ်သည်။
ကာကွယ်ရေးဝန်ကြီး ဖွမ်သမ် ဝီချာယာချိုင်း (Phumtham Wechayachai) က မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုမှအစ လေထုညစ်ညမ်းမှု ဖြစ်စေနိုင်သည့် တရားမဝင် စိုက်ခင်းများ မီးရှို့ရှင်းလင်းခြင်းအထိ ရာဇဝတ်မှု အမျိုးအစားအားလုံးကို တားဆီးရန် နယ်စပ်ကို တံတိုင်းကာရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သို့သော် နယ်စပ်တံတိုင်းကို ထိန်းသိမ်းပြီး ၂၄ နာရီ စောင့်ကြည့်မှုကို သေချာစေရန်အတွက် များပြားသည့် လူအင်အားနှင့် အရင်းအမြစ်များ လိုအပ်မည်ဖြစ်သည်။
ထို့ပြင် တောမီးလောင်ကျွမ်းမှုများကို ငြှိမ်းသတ်ရေးကဲ့သို့ နိုင်ငံဖြတ်ကျော် ပြဿနာများကို ဖြေရှင်းရေးတွင် နယ်စပ်တံတိုင်းက အနှောင့်အယှက်လည်း ဖြစ်လာနိုင်သည်။
ဥပမာအားဖြင့် နယ်စပ်ဒေသတွင် တောမီးများ လောင်ကျွမ်းပါက တံတားကာရံထားမှုကြောင့် မီးသတ်ကားများ အဝင်အထွက်ကို အနှာင့်အယှက်ဖြစ်စေနိုင်သည်။
ထိုင်း- ကမ္ဘောဒီးယားနယ်စပ်ဂိတ်ပေါက်ကို တွေ့ရစဉ်
ဘဏ္ဍာရေးနှင့် ထောက်ပံ့ ပို့ဆောင်ရေးဆိုင်ရာ စိန်ခေါ်မှုများအပြင် နယ်စပ်တံတိုင်း တစ်ခုသည် မလိုလားအပ် သော စီးပွားရေးနှင့် သံတမန်ရေးဆိုင်ရာ အကျိုးဆက်များ ရှိလာနိုင်သည်။
ထိုင်းနှင့်ကမ္ဘောဒီးယား နယ်စပ်မြို့ အများအပြားသည် နယ်စပ်ကုန်သွယ်ရေးနှင့် ခရီးသွားလာမှုအပေါ် မှီခိုနေရပြီး အလုပ်သမားများနှင့် ကုန်သည်များသည် နေ့စဉ်နှင့်အမျှ နယ်စပ်ကို ဖြတ်ကျော်ပြီး အပြန်အလှန် သွားလာနေ ကြသည်။
ထို့ကြောင့် နယ်စပ်တံတိုင်းသည် စီးပွားရေး လှုပ်ရှားမှုများကို အနှောင့်အယှက် ဖြစ်စေနိုင်ပြီး နှစ်နိုင်ငံစလုံးကို ထိခိုက်စေနိုင်သည်။
နှစ်နိုင်ငံအကြား နယ်စပ်ဒေသတွင် တင်းမာမှုများရှိနေသော်လည်း ထိုင်းနှင့် ကမ္ဘောဒီးယားသည် တံတိုင်းဖြင့် ခွဲခြားထားခြင်းထက် နယ်စပ်ဖြတ်ကျော် တရားဥပဒေစိုးမိုးရေးကို ပိုမိုခိုင်မာစေရန် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းသည် ပိုမိုအကျိုးရှိစေမည်ဖြစ်သည်။
နယ်စပ်နှင့် ဆက်နွှယ်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်ပြီး စဉ်းစားရမည်ဆိုပါက အကျင့်ပျက်ခြစားမှုနှင့် တရား ဥပဒေစိုးမိုးမှု အားနည်းခြင်းသည် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ ဖြစ်ပွားရသည့် အဓိက အကြောင်းရင်းများ ဖြစ်သည်။
ထိုင်းနိုင်ငံအနေဖြင့် နယ်စပ်တံတိုင်းများကို တည်ဆောက်ခဲ့မည်ဆိုသည့်တိုင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ အတွက် အဓိက အကြောင်းရင်းများဖြစ်သည့် အကျင့်ပျက်ခြစားမှုနှင့် တရားဥပဒေစိုးမိုးမှု အားနည်းခြင်းကို ဖြေရှင်းနိုင်ခြင်း မရှိသရွှေ့ ပြဿနာကို ဖြေရှင်းနိုင်မည် မဟုတ်ပေ။
နယ်စပ်တံတိုင်း တည်ဆောက်မည့်အစား အစိုးရသည် ခေတ်မီသော နယ်စပ်လုံခြုံရေးအစီအမံများကို ပိုမို လုပ်ဆောင်သင့်ပေသည်။
နယ်စပ်ဒေသအား အမြဲမပြတ် စောင့်ကြည့်လေ့လာခြင်း၊ ကမ္ဘောဒီးယားနိုင်ငံနှင့် ထောက်လှမ်းရေးသတင်းများကို မျှဝေခြင်းသည် ရာဇဝတ်မှုများကို တားဆီးရာတွင် ပိုမိုထိရောက်လိမ့်မည်ဖြစ်သည်။
ထို့ကြောင့် နယ်စပ်ဖြတ်ကျော်မှုများကို တားဆီးသည့် နယ်စပ်တံတိုင်း တည်ဆောက်မည့်အစား ရာဇဝတ် ဂိုဏ်းများ၏ ကွန်ရက်များကို ချေမှုန်းရေးအပေါ် ပိုမိုအာရုံစိုက် လုပ်ဆောင်သင့်ပေသည်။
Source: ဘန်ကောက်ပို့စ်