CNI International News

ဘန်ကောက်၊ ဩဂုတ် ၁၂

မကြာသေးမီက ထိုင်းနှင့် ကမ္ဘောဒီးယား နယ်စပ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲသည် ကျားဖြန့်စင်တာများကို နှိမ်နင်းမှုမှတဆင့် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု စစ်တမ်းတစ်ရပ်တွင် လေ့လာတွေ့ရှိခဲ့ကြောင်း The Nation မှ ဖော်ပြခဲ့သည်။

ထိုင်း၏ ပုဂ္ဂလိက တက္ကသိုလ်တစ်ခုမှ ပြုလုပ်ခဲ့သည့် လူထုသဘောထား စစ်တမ်းတွင် ထိုင်းနိုင်ငံသား အများစုက ကမ္ဘောဒီးယားနှင့် နယ်စပ်ပဋိပက္ခ ဖြစ်ရခြင်းသည် ကျားဖြန့်စင်တာများကို နှိမ်နင်းနေသည့် ထိုင်းအစိုးရ၏ မူဝါဒ ကြောင့် ဖြစ်ခဲ့ရခြင်းဖြစ်သည်ဟု ယူဆထားကြသည်။

ဖာယောင် (Phayao) မြို့ အခြေစိုက် Pacific Institute of Management Science တက္ကသိုလ်၏ ဩဂုတ် ၈ ရက် က ပြုလုပ်ခဲ့သည့် ထိုစစ်တမ်းတွင် လူပေါင်း ၁၅၀၀  ခန့် ပါဝင်ဖြေဆိုခဲ့သည်။

ဩဂုတ် ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် ထိုစစ်တမ်း၏ ရလဒ်များအရ နယ်စပ်ပဋိပက္ခကို ဖြစ်စေသည့် အဓိက အကြောင်းအရင်းအား မေးမြန်းခဲ့ချိန်တွင် ၃၇ ဒသမ ၇၅ ရာခိုင်နှုန်းက ကျားဖြန့်စင်တာများကို နှိမ်နင်းနေသည့် ထိုင်းအစိုးရ၏ မူဝါဒကြောင့်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

၂၂ ဒသမ ၄ ရာခိုင်နှုန်းကမူ နယ်စပ်ပဋိပက္ခ သမိုင်းကြောင်းကြောင့် ဖြစ်သည်ဟု ဖြေဆိုခဲ့ကြပြီး ၂၁ ဒသမ ၈ ရာခိုင်နှုန်းကမူ အမေရိကန်နှင့် တရုတ်၏ ဝင်ရောက်စွက်ဖက်မှုကြောင့်ဟု ဖြေဆိုခဲ့ကြသည်။

ထိုင်းက ကျားဖြန့်တွေကို ခေါ်ဆောင်နေစဉ်

ထို့ပြင် ၁၀ ဒသမ ၇ ရာခိုင်နှုန်းက ကမ္ဘောဒီးယား၏ နိုင်ငံရေး အကျပ်အတည်းကြောင့် ဖြစ်သည်ဟု ဖြေဆိုခဲ့ကြပြီး ၇ ဒသမ ၈ ရာခိုင်နှုန်းကမူ သက်ဆင်မိသားစုနှင့် ဟွန်ဆန်မိသားစုများ၏ ပဋိပက္ခကြောင့် ဖြစ်ပွားခဲ့သည်ဟု ဖြေဆို ခဲ့ကြသည်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်းဖြစ်ပြီး အထက်လွှတ်တော်ဥက္ကဋ္ဌဖြစ်သည့် ဟွန်ဆန် (Hun Sen) က ပဋိပက္ခကို အဘယ်ကြောင့် စတင်ခဲ့သနည်းဆိုသည့် မေးခွန်းကိုမူ စစ်တမ်းတွင် ပါဝင်ဖြေဆိုသူ ၄၆ ဒသမ ၆ ရာခိုင်နှုန်းက ၎င်း၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက်ဟု ဖြေကြားခဲ့သည်။

၃၃ ဒသမ ၅ ရာခိုင်နှုန်းကမူ ကမ္ဘောဒီးယားတွင် ၎င်း၏ နိုင်ငံရေးပုံရိပ်ကို မြှင့်တင်ရန်ဟု ဖြေဆိုခဲ့ပြီး ၁၉ ဒသမ ၃ ရာခိုင်နှုန်းကမူ ထိုင်း၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန်ဟု ဖြေဆိုခဲ့သည်။

ပဋိပက္ခကို အဆုံးသတ်စေမည့် မည်သည့် နည်းလမ်းကို ထောက်ခံသနည်းဟု မေးမြန်းချိန်တွင် ၃၁ ဒသမ ၉ ရာခိုင်နှုန်းက အာဆီယံမှတဆင့် နှစ်နိုင်ငံကြား ဆွေးနွေးမှုများ ပြုလုပ်ရေးကို ဖြေဆိုခဲ့ပြီး ၂၆ ဒသမ ၄ ရာခိုင်နှုန်း ကမူ ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေးကို ဖြေဆိုခဲ့သည်။

၂၄ ဒသမ ၁ ရာခိုင်နှုန်းကမူ ကုလသမဂ္ဂ သို့မဟုတ် နိုင်ငံတကာ တရားရုံးများ၏ ဝင်ရောက်ညှိနှိုင်းမှုဖြင့် ပြေလည်မှု ရယူလိုကြောင်း ဖြေကြားခဲ့သည်။

Source: The Nation