CNI News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၂

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် မြန်မာ့တပ်မတော်တို့ တွေ့ဆုံဆွေးနွေးရေး အပြန်အလှန် ချိတ်ဆက်မှု များရှိနေခြင်းကြောင့် ဘယ်လိုရှိလာနိုင်သလဲ ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။

တခြားတစ်ဖက်မှာလည်း KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့သို့ နွေဦးတော်လှန်ရေးတပ်ဖွဲ့ အင်အားစုများမှ တစ်ဖွဲ့ချင်းစီ လာရောက် တွေ့ဆုံမှုများရှိနေသည်။

လက်ရှိတွင် KIA အနေဖြင့် အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်ပြီး မြစ်ကြီးနား၌ တွေ့ဆုံဆွေးနွေးကြရန် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ထံ အဆိုပြုထားကြောင်း၊ သို့သော် ကော်မရှင်ဘက်မှ ဗန်းမော်မြို့ စစ်ရေးကို အကြောင်းပြကာ လက်မခံသေးဘူးဟု သတင်းများကြားရကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက် ရေးအဖွဲ့ချုပ်(PNLO-NCA/S)မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “KIO/KIA က အဆိုပြုတယ်လို့ သတင်းထွက်လို့ပါ။ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးဖို့အတွက် မြစ်ကြီးနား မှာ ဆုံဖို့နည်းနည်း အဆိုပြုတယ်လို့ ကြားလိုက်တယ်။ အဲဒီ အဆိုပြုတယ်ဆိုရင်တော့ KIO အနေနဲ့ မြေရှားသတ္တု ကိစ္စ၊ အမေရိကန်ကို အသိပေးတဲ့ကိစ္စ၊ အခုအဖွဲ့ပေါင်းစုံနဲ့ တွေ့တဲ့ကိစ္စ၊ ဒါတွေအားလုံးက အကယ်၍ အလွတ် သဘောပဲ ဖြစ်ဖြစ်ပေါ့။ လက်ရှိ ကော်မရှင်နဲ့ တွေ့ဖို့ ဖန်တီးလာမယ်ဆိုရင် Bargaining power များများရအောင် လုပ်ထားချင်တဲ့ သဘောလည်း ဖြစ်နိုင်ပါတယ်။ ကြားတာတော့ ကော်မရှင်က လက်မခံသေးဘူး။ ဗန်းမော်တိုက်ပွဲ မရှင်းမလင်း ဖြစ်နေတယ်ပေါ့။ ဗန်းမော်တိုက်ပွဲ တိုက်နေခိုက်နေတဲ့ လူတွေမှာ စိတ်ဓာတ်ရေးရာ ထိခိုက်မှာ စိုးတယ်တို့၊ အဲဒီလိုမြင်တယ်လို့ ပြောတာပဲ။ ဒါကြောင့် လောလောဆယ် ဗန်းမော်တိုက်ပွဲ ငြိမ်သွားမှ စဉ်းစား ချင်ရင် စဉ်းစားမယ်ပေါ့ အဲဒီလို ထင်ရပါတယ်” ဟု ပြောသည်။

KIA မှ ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ကို တွေ့ရစဉ်

KIA အနေဖြင့် ယခုမှ စတင်ကမ်းလှမ်းခြင်းမဟုတ်ဘဲ ၂၀၂၄ ခုနှစ်ကတည်းက ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) မှ အွန်လိုင်းဖြင့် ဆွေးနွေးရန် အကြောင်းကြားခဲ့မှုအပေါ် မြစ်ကြီးနားတွင် တွေ့ဆုံရန် ပြန်လည် အကြောင်း ပြန်ခဲ့ကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များထံက သိရသည်။

ထို့နောက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့(PCG) သည် ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်းက ထပ်မံ၍ မေးမြန်းခဲ့ရာ မြန်မာ့တပ်မတော်ဘက်က Online ကနေ ဆွေးနွေးမည်ဖြစ်ကြောင်း အကြောင်းပြန်ခဲ့သော်လည်း KIA ဘက်က Online ဆွေးနွေးမှုမဟုတ်ဘဲ မြစ်ကြီးနားမြို့မှာ တွေ့ဆုံ ဆွေးနွေးလိုကြောင်း အကြောင်းပြန်ခဲ့သည်။ 

လက်ရှိတွင် KIA နှင့် မြန်မာ့တပ်မတော်တို့ကြား ဗန်းမော်မြို့တွင် တိုက်ပွဲများ ပြင်းထန်နေသကဲ့သို့ မြေရှားသတ္တု ဒေသ အားလုံးနီးပါးကိုလည်း KIA က သိမ်းပိုက်ရရှိထားသဖြင့် နှစ်ဖက်အကြား တွေ့ဆုံဆွေးနွေးမှုမှာ သေချာ ပေါက် လုပ်ဆောင်ရမည့် အခင်းအကျင်းမှာရှိကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများ ရှိသည်။

KIA မှ ဒုဗိုလ်ချုပ်ကြီးဂွမ်မော်က မြန်မာ့တပ်မတော်နဲ့ဆွေးနွေးရေး အခြေအနေကို ဘီဘီစီကို ဖြေကြားထားစဉ်

KIA အဆိုပြုထားသည့်အတိုင်း မြစ်ကြီးနားမြို့တွင် မြန်မာ့တပ်မတော်နှင့် တွေ့ဆုံဖြစ်ခဲ့ကြမည်ဆိုပါက လက်နက် ကိုင်ပဋိပက္ခ လျော့နည်းသွားရာမှ ရပ်စဲသွားသည်အထိ ဖြစ်နိုင်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တွေ့ဆုံဖြစ်ရင်တော့ စစ်တိုက်ဖြစ်တာထက်စာရင် ကောင်းတာပေါ့။ အခု ဗန်းမော်တိုက်ပွဲက တော်တော် ပြင်းထန်နေတယ်။ နှစ်ဦးနှစ်ဖက် တပ်တွေ အိန္ဒြေရရနဲ့ ရပ်မယ်၊ ရန်လိုမှုတွေ ရပ်မယ်၊ အိန္ဒြေရရနဲ့ သူ့နေရာသူ ပြန်နေ သူ့နေရာ သူပြန်ဆုတ်ကြမယ်ဆိုရင် အဲဒီလိုလုပ်ဖို့ကတော့ ပဏာမအပစ်အခတ်ရပ်စဲရေး တစ်ခုပေါ့လေ။ အဲဒါကိုတော့ အလွတ်သဘော ထပ်တွေ့နိုင်ရင်တော့ ကောင်းပါတယ်။ အလွတ်သဘော ထပ်တွေ့လိုက်ရင်တော့ လက်နက်ကိုင် ပဋိပက္ခကတော့ အများကြီး လျော့ကြသွားမယ်၊ လျော့နည်းသွားမယ်ပေါ့။ နိုင်ငံရေးအရပါ သဘော တူလာရင်တော့ လက်နက်ကိုင်ပဋိပက္ခက ရပ်စဲသွားနိုင်တာပေါ့။ အဲဒီနှစ်ဆင့်ရှိတာပေါ့” ဟု ပြောသည်။

ဗန်းမော်မြို့သည် KIA ဌာနချုပ်ရှိရာ လိုင်ဇာနှင့် အနီးဆုံးမြို့တစ်မြို့ ဖြစ်သည့်အပြင် မြန်မာ့တပ်မတော်၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) အခြေစိုက်ထားသည့် မြို့ဖြစ်သည်။

ထို့ပြင် ဧရာဝတီမြစ်ကမ်းဘေး၌ တည်ရှိသဖြင့် မြန်မာနိုင်ငံ အောက်ပိုင်းဒေသမှ သင်္ဘောများနှင့်ပြည်တွင်း ကုန်သွယ်ရေးများလည်း လုပ်ဆောင်နိုင်သည့် ဆိပ်ကမ်းမြို့ ဖြစ်သကဲ့သို့ တရုတ်နယ်စပ်နှင့်မိုင် ၄၀ ခန့်သာ ကွာဝေးပြီး ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်း၊ မူဆယ်တို့မှတဆင့် တရုတ်နိုင်ငံသို့ဆက်သွယ်နိုင်သည်။

လက်ရှိတွင် မြန်မာ့တပ်မတော်၏ အင်တိုက်အားတိုက် ထိုးစစ်ဆင်နေမှုများကြောင့် KIA အတွက်လည်း ဗန်းမော် ကို ပြန်လည်ထိုးစစ်ဆင် နေရသည်မှာ မလွယ်ကူသော အခြေအနေမှာ ရှိနေကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။