CNI International News
ဘေကျင်း၊ ဇန်နဝါရီ ၂၁
မြန်မာ့တပ်မတော်နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)တို့သည် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ သည်ဟု The Straits Times မှ ေဖာ်ပြခဲ့သည်။
အဆိုပါ အပစ်အခတ်ရပ်စဲရေးသည် ယာယီသာဖြစ်ပြီး ဇန်နဝါရီ ၁၈ ရက်က စတင်၍ အသက်ဝင်မည်ဖြစ်သည်။
မြန်မာ့တပ်မတော်နှင့် MNDAA သည် တရုတ်နိုင်ငံ၊ ကူမင်း (Kunming) မြို့တွင် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပြီး တရုတ်၏ ငြိမ်းချမ်းရေး အားထုတ်ကြိုးပမ်းမှုများအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မော်နင်း (Mao Ning) က ဇန်နဝါရီ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
“မြန်မာနိုင်ငံရဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဒေသတွင်း နိုင်ငံအားလုံးရဲ့ အကျိုးစီးပွားတွေအတွက်နဲ့ တရုတ်-မြန်မာ နယ်စပ်ဒေသ လုံခြုံရေး၊ တည်ငြိမ်ရေးတွေအတွက် မြန်မာနိုင်ငံမြောက်ပိုင်းက အခြေအနေကို တင်းမာမှု လျှော့ချနေပါပြီ”ဟု မော်က ပြောကြားခဲ့သည်။
MNDAA ရဲဘော်များကိုတွေ့ရစဉ်
ထို့ပြင် မြန်မာနိုင်ငံမြောက်ပိုင်းတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ကူညီထောက်ပံ့ပေးရန်၊ ဆွေးနွေးပွဲများနှင့် ငြိမ်းချမ်းရေးရရှိစေရန် တရုတ်က တက်ကြွစွာ ဆက်လက် ဆောင်ရွက်ပေးမည်ဟု မော်က ပြောသည်။
MNDAA သည် ၎င်းတို့၏ နယ်မြေများဟု ယူဆထားသည့် နယ်နိမိတ်များကို ပိုင်ဆိုင်ရေးအတွက် မြန်မာ့ တပ်မတော်နှင့် တိုက်ပွဲဝင်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များထဲတွင် ပါဝင်သည်။
ထို့ပြင် MNDAA သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလက တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ အာရက္ခတပ်တော် (AA)တို့ဖြင့် ပူးပေါင်းပြီး မြန်မာ့တပ်မတော်ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကာ တရုတ်နယ်စပ်အနီးရှိ နယ်မြေများကို သိမ်းပိုက်နိုင်ခဲ့သည်။
MNDAA-AA-TNLA ခေါင်းဆောင်များကို တွေ့ရစဉ်
တရုတ်လူမျိုးများဖြင့် ဖွဲ့စည်းထားသည့် MNDAA က တရုတ်နယ်စပ်အနီးရှိ မြန်မာ့တပ်မတော်၏ အဓိကစစ်စခန်း တစ်ခုကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ပြီးခဲ့သည့်နှစ် ဇူလိုင်လက ပြောကြားခဲ့သည်။
လက်နက်ကိုင်တပ်ဖွဲ့မျာသည် အလွန်အရေးကြီးသည့် နယ်စပ်ဒေသများကို သိမ်းယူပြီး မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့ဆီ ဦးတည်သော လမ်းများပေါ်တွင် တိုက်ပွဲများဖော်ဆောင်ရန် ပြင်ဆင်လာသဖြင့် တရုတ်ကို စိုးရိမ် စေခဲ့ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
တိုက်ပွဲများကြောင့် မြန်မာနှင့်ထိစပ်နေသည့် ကီလိုမီတာ ၂၀၀၀ အရှည်ရှိ နယ်စပ်ဒေသ တစ်လျှောက်တွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ထိခိုက်စေနိုင်သည့် အခြေအနေကို တရုတ်က စိုးရိမ်လျက်ရှိသည်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကလည်း တရုတ်သည် မြန်မာနိုင်ငံမြောက်ပိုင်းတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိအောင် ကြားဝင်စေ့စပ်ပေးခဲ့သော်လည်း ထိုသဘောတူညီချက်သည် လအနည်းငယ် အကြာမှာပင် ကျိုးပျက် သွားခဲ့သည်။
Source: The Straits Times