CNI News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၄
ကိုးကန့်တပ် MNDAA သည် ဒီဇင်ဘာ ၃ ရက်နေ့မှစတင်ကာ တစ်ဖက်သတ် အပစ်ခတ်ရပ်စဲကြောင်း ကြေညာခဲ့ သည့်အတွက် နစကကိုလည်း အပစ်အခတ်ရပ်စဲရန် တရုတ်မှ ပြောသင့်ကြောင်း စစ်ရေးနှင့် နိုင်ငံရေး လေ့လာ သုံးသပ်သူများက CNI သတင်းဌာနသို့ ပြောသည်။
တရုတ်၏ ကြားဝင်စေ့စပ်မှုအောက်တွင် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှာဖြစ်ကြောင်း၊ ဒီဇင်ဘာ ၃ ရက်နေ့က စတင်ကာ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲမည်ဟု ကိုးကန့်တပ်(MNDAA)က ထုတ်ပြန် ကြေညာခဲ့သည်။
ထို့အပြင် မြန်မာ့တပ်မတော်ကို အစပြု တိုက်ခိုက်မှာ မဟုတ်သလို၊ တပ်မတော်ဘက်ကလည်း ဝေဟင်နှင့် မြေပြင်ထိုးစစ်များအား ရပ်စဲပေးရမည်ဟု MNDAA က တောင်းဆိုထားသည်။
ထိုသို့ တောင်းဆိုခြင်းသည် နှစ်ဦးနှစ်ဖက် မျှမျှတတ ဖြစ်စေရေး တရုတ်အနေဖြင့် နစကဘက်ကိုလည်း အပစ်အခတ်ရပ်စဲရန် ဖိအားပေးပြောဆိုခိုင်းသည့် သဘောဖြစ်ကြောင်း မြန်မာ-တရုတ်အရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
ကိုးကန့်တပ်ဖွဲ့က ရမခတိုင်းကို သိမ်းပိုက်ထားစဉ်
၎င်းက “တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောထားတာရှိတယ် အပစ်ခတ်ရပ်စဲရေးနဲ့ တွေ့ဆုံဆွေးနွေးရေး လုပ်တဲ့အခါ ဘက်ပေါင်းစုံကို သူတို့ တရားမျှတစွာ ဆက်ဆံပါ့မယ်ဆိုပြီး ပြောထားတာလေ။ အဲဒီတော့ ကိုးကန့်ကလည်း သူ့ကို အပစ်ခတ်ရပ်စဲ ခိုင်းရင် စကစကလည်း အပစ်ခတ်ရပ်စဲရမယ်။ ဒါမှ တရားမှာပေါ့။ ကိုယ်က အပစ်ခတ်ရပ်စဲပြီး သူက အပစ်ခတ် မရပ်စဲရင် ခေါင်းငုံ့ပေးသလိုဖြစ်မှာပေါ့။ နှစ်ဖက်မျှမျှတတ ဖြစ်ဖို့အတွက် သူက တရုတ်ကိုလည်း ဈေးစစ်တဲ့ သဘောပေါ့ဗျာ။ ငါ့ကိုပဲ မပြောနဲ့ စစ်ကောင်စီကိုလည်း ပြောဦးဆိုပြီးတော့။ အဲဒါကြောင့် မို့လို့လည်း တရုတ်က စကစကို အလိုလိုက်ပြီး ဆက်ဆံနေရတာ။ သူ့အတွက်တော့ ဖိအားတွေ များလာတာပေါ့။ တစ်ဖက်က အပစ်ခတ် ရပ်စဲ တယ်ဆိုတာက အားလုံးက တရုတ်ရဲ့ ဖိအားကို ခံရတဲ့ အဖွဲ့အစည်းဖြစ်တာကို။ အဲဒီတော့ တရုတ်က ဒီဘက်ကို ဖိအားပေးရင်လည်း MNDAA လိုပေါ့ ဟိုဘက်လည်း ဖိအားပေးဆိုပြီး ပြောလာရင်တော့ တဖြေးဖြေး သူ့အပေါ်လည်း ဖိအားတွေ များလာမှာပဲ” ဟု ပြောသည်။
နစကအနေဖြင့် တွေ့ဆုံဆွေးနွေးမည်ဆိုပါက MNDAA ဘက်မှ အဆင်မြင့်ကိုယ်စားလှယ်အဖွဲ့များ စေလွှတ်ပြီး နှစ်ဖက် ပဋိပက္ခအမြင် ကွဲလွဲမှုများအား နိုင်ငံရေးနည်းအရ ဖြေရှင်းရန် မျှော်လင့်ထားကြောင်း၊ သို့သော် မိမိကိုယ်ကို ခုခံကာကွယ်ခွင့်ကိုမူ ကိုင်စွဲထားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နစကဘက်မှ ဆုံးရှုံးထားသည့် နယ်မြေ အများအပြားရှိသည့်အတွက် ထိုးစစ်ဆင် နေမှုများအား ရပ်တန့်ပေးရန် တောင်းဆိုခြင်းက လိုက်လျောနိုင်ဖွယ် မရှိနိုင်ကြောင်းလည်း စစ်ရေးနှင့် နိုင်ငံရေး လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
ထို့အပြင် MNDAA ၏ ထုတ်ပြန်ချက်သည် ထူးခြားသည့် အချက်အလက်အသစ်များ မပါဝင်ဘဲ ယခင် ထုတ်ပြန် ချက်များ အတိုင်းသာဖြစ်ကြောင်း၊ ထိုသို့ ထုတ်လာခြင်းသည်လည်း နစကဘက်မှ ထိုးစစ်ဆင်မှုများကို မရပ်တန့် သေးသည့်အတွက် ဖြစ်နိုင်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်နေသူ ဦးခွန်းဆိုင်က CNI သတင်း ဌာနသို့ ပြောသည်။
လားရှိုးမြို့ကို ကိုးကန့်တပ်ဖွဲ့က ထိန်းချုပ်ထားစဉ်
၎င်းက “ဘာမှ အသစ်ဖြစ်ပုံမရဘူး။ သို့သော်လည်း SAC ဘက်က မရပ်သေးလို့လည်း ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် ထပ်ထုတ်တာ။ သို့သော်လည်း ဒီကိစ္စနဲ့ ပတ်သက်ရင် ထင်တာကတော့ ဒါကို တရုတ်က ကြားဝင်ပြီးတော့မှ မပြော လို့ရှိရင် မပြီးဘူးပေါ့။ MNDAA ဘက်က ကြေညာချက်ထုတ်၊ TNLA ဘက်က ကြေညာချက်ထုတ်ရုံနဲ့ မပြီးဘူး။ ကြားဝင်လုပ်ရမယ့် တရုတ်ဘက်ကလည်း ဒါကို SAC ကို ပြောရမှာဖြစ်ပါတယ်။ ကျနော်ထင်တယ် တရုတ်က လည်း ပြောပြီးပါပြီ။ သို့သော်လည်း SAC ဘက်က တုန့်ပြန်မှုကို စောင့်နေတယ်လို့ ထင်ပါတယ်။ ဘယ်နည်းနဲ့မဆို ဒီကိစ္စကိုတော့ သူတို့တွေ့ဆုံမှ ပြောနိုင်လိမ့်မယ် ထင်ပါတယ်။ ဒီလိုမတွေ့ဆုံခင်မှာ ပြောတယ်ဆိုရင် SAC ဘက်က မတွေ့ချင်တာလည်း မတွေ့ဖို့လည်း ဖြစ်နိုင်တယ်။ ကျနော်ကတော့ အဲဒီလိုမျိုး ဖြစ်မယ်လို့တော့ မမျှော်လင့်ဘူး ပေါ့” ဟု ပြောသည်။
MNDAA ဘက်မှ ယခုကဲ့သို့ ထုတ်ပြန်ချက် မထွက်ခင် TNLA ဘက်မှ ဦးစွာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး နှစ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် မိမိကိုယ်ကို ခုခံကာကွယ်ခွင့်ကို ကိုင်စွဲထားမည်ဆိုသည့်အချက် တူညီစွာ ပါဝင်နေသည်။
ထို့ကြောင့် နစကဘက်မှ ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်ပါက ၎င်းတို့ဘက်မှလည်း ပြန်လည် ခုခံတိုက်ခိုက် သွားမည်ဖြစ်ကြောင်း အဓိပ္ပါယ်မှတ်ယူနိုင်သည်။
တရုတ်နိုင်ငံအနေဖြင့် ရှမ်းမြောက်ဒေသ တိုက်ပွဲများ ရပ်စဲရန် သက်ဆိုင်ရာ အဖွဲ့အစည်းများအား ဖိအားပေး တိုက်တွန်းနေသလို MNDAA နှင့် တအောင်းတပ်ဖွဲ့(TNLA)ကလည်း နိုင်ငံရေးဆွေးနွေးရန် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုကို လက်ခံကြောင်း ပြောကြားထားသည်။
TNLA နှင့် MNDAA ဦးဆောင်၍ AA၊ PDFs များပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က ၁၀၂၇ စစ်ဆင် ရေးကို ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖော်ဆောင်ခဲ့သလို ၂၀၂၄ ခုနှစ်၊ ဇွန်လမှာ ဒုတိယအကြိမ် ၁၀၂၇ စစ်ဆင်ရေး ကို ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ဖော်ဆောင်ခဲ့သည်။
အဆိုပါ ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ နစကသည် မိုးကုတ်၊ မိုးမိတ်၊ သပိတ်ကျင်း၊ စဉ့်ကူး၊ မတ္တရာ၊ လားရှိုး၊ ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ ကွတ်ခိုင်၊ သိန္နီ၊ နမ့်ခမ်း၊ နမ္မတူ၊ မိုင်းငေါ့၊ မန်တုံ၊ နမ့်ဆန်၊ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကုန်ကြမ်း၊ လောက်ကိုင်၊ မုံးကိုး စသည့် မြို့နယ်များကို လက်လွှတ် ဆုံးရှုံးခဲ့ရသည်။