CNI International News
ဒူဘိုင်း၊ ဒီဇင်ဘာ ၄
အီရန်နှင့် ၎င်း၏ လက်အောက်ခံများသည် အီရတ်နိုင်ငံတွင် ရေနံမှောင်ခိုကူးသည့် ကွန်ရက်မှတဆင့် တစ်နှစ်လျှင် အနည်းဆုံး ဒေါ်လာ ၁ ဘီလျံရရှိနေကြောင်း ကျွမ်းကျင်သူများက ယူဆခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အီရတ်တွင် ဝန်ကြီးချုပ် မိုဟာမက် ရှီယာ အယ် ဆူဒါနီ (Mohammed Shia al-Sudani) စတင်ရုံးထိုင်သည့် ၂၀၂၂ ခုနှစ်ကတည်းက ထိုရေနံမှောင်ခိုကွန်ရက်သည် ကျယ်ပြန့်လာခဲ့ခြင်းဖြစ်ကြောင်း နီးစပ်သည့် သတင်းရင်းမြစ် ၅ ခု က ပြောသည်။
အီရတ်နိုင်ငံ၏ ကတ္တရာစေး စက်ရုံများအတွက် လောင်စာပေးရန် လျာထားသည့် ရေနံများကို ရေနံမှောင်ခို ကွန်ရက်က အစိုးရမူဝါဒကို အသုံးချပြီး အလွန်နည်းပါးသည့် တန်ဖိုးဖြင့် ဝယ်ယူခဲ့ကြောင်း လူ ၅ ဦးနှင့် အနောက်နိုင်ငံများမှ သတင်းရင်းမြစ် ၃ ခုက ဖော်ပြခဲ့သည်။
ထိုကွန်ရက်တွင် အီရတ်၊ အီရန်နှင့် ပင်လယ်ကွေ့နိုင်ငံများရှိ ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ ပါဝင် ကြောင်း သတင်းရင်းမြစ်များက ဖော်ပြခဲ့သည်။
အီရန်အလံကို တွေ့ရစဉ်
ထိုမှောင်ခိုကွန်ရက်၏ အစီအစဉ်တွင် အရည်အသွေးမြင့် ဆာလ်ဖာလောင်စာဆီ (HSFO) အပါအဝင် HFO လောင်စာ တန်ချိန် ၅ သိန်းမှ ၇ သိန်းခွဲ (တန်ကြေးအားဖြင့် ဒေါ်လာ ၃ ဒသမ ၄ သန်းမှ ၅ သန်းကြား) ရှိသည့် ရေနံစည်များကို ထိုစက်ရုံများမှ အခြားအာရှနိုင်ငံများသို့ လစဉ် လမ်းကြောင်းလွှဲ ပို့ဆောင်ပေးနေသည်ဟု သတင်းရင်းမြစ်များက ပြောသည်။
ဆူဒါနီ ဝန်ကြီးချုပ် ဖြစ်လာခဲ့ပြီးနောက်ပိုင်း ရေနံမှောင်ခိုကူးမှုသည် ပိုမိုကျယ်ပြန့်လာကာ သတင်းထွက်ပေါ်ခဲ့ခြင်း မရှိသည့် တရားမဝင် ရေနံကုန်ကူးမှုတွင် အီရတ်နိုင်ငံအတွင်း အဖွဲ့အစည်းများစွာ ပါဝင်လာခဲ့သည်။
ထိုသတင်းများနှင့်ပတ်သက်ပြီး အီရန်နှင့်အီရတ် အရာရှိများက ရိုက်တာသတင်းဌာန၏ မှတ်ချက်ပေးရန် တောင်းဆိုမှုများကို တုန့်ပြန်ခဲ့ခြင်းမရှိပေ။
အီရန်သည် ၎င်း၏ အိမ်နီးချင်း မဟာမိတ်ဖြစ်သည့် အီရတ်ကို စီးပွားရေး အခွင့်အလမ်း တစ်ခုအဖြစ် ရှုမြင်ထားပြီး အီရတ်နိုင်ငံရှိ ရှီးအိုက် ပြည်သူ့စစ်များနှင့် နိုင်ငံရေးပါတီများအပေါ် စစ်ရေး၊ နိုင်ငံရေးနှင့် စီးပွားရေးအရ ဩဇာ လွှမ်းမိုးထားသည်။
Source: ရိုက်တာ