CNI International News

ဝါရှင်တန်၊ ဇန်နဝါရီ ၂၅ 

အမေရိကန်စစ်တပ်သည် အီရတ်နိုင်ငံရှိ အဆောက်အအုံ သုံးခုနှင့် ယီမင်နိုင်ငံရှိ အီရန်က ကျောထောက်နောက်ခံ ပေးထားသည့် စစ်သွေးကြွများ အသုံးပြုသည့် သင်္ဘောဖျက်ဒုံးကျည်နှစ်စင်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။ 

အီရတ်နှင့် ယီမင်တွင် တိုက်ခိုက်ခဲ့သော ပစ်မှတ်နေရာများသည် အီရတ်နှင့် ဆီးရီးယားရှိ အမေရိကန်တပ်ဖွဲ့များ အား တိုက်ခိုက်နေသည့် တိုက်ခိုက်မှုများနှင့် ဆက်နွှယ်မှုရှိနေသည်။

ထို့နောက် ပင်လယ်နီ (Red Sea) အတွင်းရှိ အမေရိကန်စစ်သင်္ဘောများနှင့် ကုန်တင်သင်္ဘောများကို ခြိမ်းခြောက် နေသည့် နေရာများဖြစ်သည်ဟု အမေရိကန်က ပြောသည်။

သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden)၏ အမိန့်ဖြင့် အီရတ်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုသည် အီရန်က ကျောထောက် နောက်ခံပေးထားသော ကာတာအစ်ဘ် ဟစ်ဇ်ဘိုလာ (Kataib Hezbollah) စစ်သွေးကြွအဖွဲ့နှင့် အီရတ်ရှိ အီရန်နှင့်ဆက်နွှယ်မှုရှိသည့် အုပ်စုများ အသုံးပြုသည့် အဆောက်အအုံများကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်(Lloyd Austin)က ပြောကြားခဲ့သည်။ 

"အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ အမေရိကန်နဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေကို အီရန်က ထောက်ပံ့ပေးထားတဲ့ စစ်သွေးကြွ တွေက တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ကို လက်တုန့်ပြန်တဲ့ အနေနဲ့ အခုလို တိကျသေချာမှုရှိတဲ့ တိုက်ခိုက်မှုတွေကို ပြုလုပ် ခဲ့တာ ဖြစ်ပါတယ်" ဟု အော်စတင်က ပြောကြားခဲ့သည်။ 

သမ္မတ ဂျိုးဘိုင်ဒန်ကို တွေ့ရစဉ်

ထိုတိုက်ခိုက်မှုများသည် ဘဂ္ဂဒက် ( Baghdad) မြို့တော် တောင်ပိုင်းရှိ ဂျာ့ဖ် အယ် ရှက်ခါ (Jurf al-Sakhar) မြို့၊ အယ် ကာအင် (al-Qaim) မြို့နှင့် အီရတ်အနောက်ပိုင်း အမည်ဖော်ပြထားခြင်းမရှိသည့် စစ်သွေးကြွများ၏ အဆောက်အအုံများကို ထိမှန်ခဲ့သည်ဟု အမေရိကန်အရာရှိနှစ်ဦးက ပြောကြားခဲ့သည်။ 

ဇန်နဝါရီ ၂၃ ရက်ကလည်း အမေရိကန်စစ်တပ်သည် ပင်လယ်နီတောင်ပိုင်းကို ဦးတည်ပစ်လွှတ်ရန် ချိန်ရွယ်ထား သည့် ဟူရ်သီသူပုန်အဖွဲ့၏ သင်္ဘောဖျက် ဒုံးကျည်နှစ်စင်းကို ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ကြောင်း အမေရိကန်ဗဟိုစစ် ဌာနချုပ် (CENTCOM) က ထုတ်ပြန်ခဲ့သည်။

"အမေရိကန်တပ်ဖွဲ့တွေဟာ ယီမင်နိုင်ငံက ဟူရ်သီတွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာရှိတဲ့ ဒုံးကျည်တွေကို လေ့လာခဲ့ပြီး အဲဒီဒုံးကျည်တွေဟာ ဒေသတွင်း အမေရိကန် ရေတပ်သင်္ဘောတွေနဲ့ ကုန်တင်သင်္ဘောတွေအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတွေ ဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်" ဟု CENTCOM က ပြောကြားခဲ့သည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ကို တွေ့ရစဉ်

ထိုတိုက်ခိုက်မှုများသည် မကြာသေးမီ ရက်ပိုင်းအတွင်း စစ်သွေးကြွများ၏ တိုက်ခိုက်မှုများအပေါ် အမေရိကန်၏ တန်ပြန်တိုက်ခိုက်မှုများ မြင့်တက်လာသည့် အခြေအနေကို ဖော်ပြရာရောက်ခဲ့သည်။

အီရတ်ရှိ အမေရိကန်စစ်သားများ တပ်စွဲထားသည့် အယ် အာဆက် လေတပ်စခန်း (al-Asad Air Base) တွင် ဒရုန်းများဖြင့် တိုက်ခိုက်ခံခဲ့ရခြင်းကြောင့် အမေရိကန်စစ်မှုထမ်းများ ဒဏ်ရာရရှိခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် အမေရိကန်က အီရတ်ရှိ ကာတာအစ် ဟစ်ဇ်ဘိုလာအဖွဲ့၏ စခန်းများကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

Source: အေပီ