CNI International News

ဘဂ္ဂဒက်၊ ဇူလိုင် ၃၀

အီရတ်ဝန်ကြီးချုပ် မိုဟာမက် ရှီယာ အယ် ဆူဒါနီ (Mohammed Shia al-Sudani) သည် အမေရိကန်၊ အီရန်တို့ နှင့် ဆက်ဆံရေးကောင်းမွန်ဖို့ ကြိုးပမ်းနေသည်ဟု အေပီမှ ဖော်ပြခဲ့သည်။

အီရတ်သည် အမေရိကန်နှင့်သာမက အမေရိကန်၏ ရန်ဘက်ဖြစ်သည့် အီရန်နှင့်ပါ ဆက်ဆံရေး ရှိနေသဖြင့် ကြားညှပ်နေသော အနေအထားသို့ ရောက်ရှိနေသည်။

အထူးသဖြင့် ပြီးခဲ့သည့်လက အစ္စရေး၊ အမေရိကန်တို့နှင့် အီရန်ကြား စစ်ပွဲဖြစ်ပွားခဲ့ချိန်က အမေရိကန်သည် အီရန်၏ နျူကလီးယားစက်ရုံများကို တိုက်ခိုက်ခဲ့စဉ် အီရတ်သည် ကြားနေရပ်တည်ခဲ့ရသည်။

အယ်ဆူဒါနီက သူသည် အီရန်နှင့် မဟာမိတ်ဖွဲ့ထားသည့်  အီရတ်၏ လက်နက်ကိုင်အဖွဲ့များကို ပဋိပက္ခအတွင်းသို့ ဝင်ရောက်ခြင်း မပြုရန် နိုင်ငံရေးနှင့် စစ်ရေးဖိအားများ အသုံးပြုခဲ့ရသည်ဟု ဆိုသည်။

အီရန်နဲ့ အမေရိကန် စစ်ပွဲပြသထားစဉ်

အေပီသတင်းဌာနနှင့်ပြုလုပ်သည့် အင်တာဗျူးတွင် အယ်ဆူဒါနီက သူသည် ဒုတိယသက်တမ်းအတွက် ပြန်လည် ရွေးကောက်ခံရန် ပြင်ဆင်နေချိန်၌ အီရတ်၏ လက်နက်ကိုင်အဖွဲ့များကို ပဋိပက္ခထဲသို့ မဝင်စေလိုသဖြင့် ထိုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ကြောင့် ၂၀၂၂ ခုနှစ်တွင် ဝန်ကြီးချုပ်အဖြစ် အာဏာရစေရန် ကူညီပေးခဲ့သည့် အီရန်၏ ကျောထောက်နောက်ခံ ပြု ပါတီများနှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားသလို တစ်ဖက်တွင်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ အစိုးရအဖွဲ့နှင့်လည်း ဆက်ဆံရေးနီးစပ်အောင် ကြိုးပမ်းနေခြင်း ဖြစ်သည်ဟု အယ်ဆူဒါနီက ပြောသည်။

အစ္စရေး၊ အမေရိကန်နှင့် အီရန်တို့ စစ်ပွဲဖြစ်ပွားခဲ့ချိန်က အီရန်သည် အီရတ်နိုင်ငံရှိ အမေရိကန်စစ်စခန်းများကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာတွင် အီရတ်အစိုးရက လုံခြုံရေး အကြောင်းပြချက်ဖြင့် အီရန်၏ ဒရုန်းများ၊ ဒုံးကျည်များကို ၂၉ ကြိမ် ကြားဖြတ်ပစ်ချပေးခဲ့သည်။

“အစ္စရေးအစိုးရရဲ့ မူဝါဒကိုလည်း ကျနော်တို့ သိပါတယ်။သူတို့က စစ်ပွဲကို ချဲ့ထွင်ချင်တာပါ။ အဲဒါကြောင့် ကျနော်တို့က အီရတ်ကို ဘယ်နိုင်ငံကမှ ပစ်မှတ်မထားနိုင်အောင် လုပ်ဆောင်ခဲ့ရာတာ ဖြစ်ပါတယ်”ဟု အယ်ဆူဒါနီက ပြောကြားခဲ့သည်။

ထို့ပြင် ၎င်း၏ အစိုးရသည် အီရန်ကို စိတ်ထိန်းရန်နှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် တိုက်တွန်းခဲ့ရသည်ဟု လည်း အယ်ဆူဒါနီက ပြောကြားခဲ့သည်။

Source: အေပီ