CNI International News

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၃

ပြီးခဲ့သည့်ရက်ပိုင်းက အမေရိကန်စစ်သား ၃ ဦး သေဆုံးခဲ့သည့် တိုက်ခိုက်မှုတစ်ခုအတွက် လက်တုန့်ပြန်သည့် အနေဖြင့် အမေရိကန်က အီရတ်နှင့် ဆီးရီးယားရှိ အီရန်နှင့် ဆက်နွှယ်မှုရှိသည့် ပစ်မှတ်များကို တိုက်ခိုက်ရန် အစီအစဉ်ကို အတည်ပြုခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ဖေဖော်ဝါရီ ၂၇ ရက်က ဆီးရီးယားနှင့် ဂျော်ဒန်နိုင်ငံ နယ်စပ်အနီးရှိ Tower 22 စစ်စခန်းတွင် ဒရုန်းတိုက်ခိုက်မှု ကြောင့် အမေရိကန်စစ်သား ၃ ဦး သေဆုံးခဲ့သော ဖြစ်စဉ်ကို တုန့်ပြန်သည့်အနေဖြင့် နှစ်နိုင်ငံအတွင်းရှိ အီရန် စစ်မှုထမ်းများနှင့် အဆောက်အအုံများကို ပစ်မှတ်ထားရန် အိမ်ဖြူတော်က အတည်ပြုခဲ့ခြင်း ဖြစ်သည်ဟု အမေရိကန်၏ CBS News ရုပ်သံလိုင်းက ဖေဖော်ဝါရီ ၁ ရက်တွင် ဖော်ပြခဲ့သည်။

ထိုအစီအစဉ်နှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို ထပ်မံ ထုတ်ပြန်ခြင်း မရှိပေ။

သို့သော်လည်း အရပ်သားများကို ထိခိုက်နိုင်မည့်အရေးမှ ရှောင်လွှဲနိုင်ရန် မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်ချင် သဖြင့် ရာသီဥတု အခြေအနေသည် တိုက်ခိုက်မှုများ၏ အဓိက အကြောင်းရင်းတစ်ခု ဖြစ်လာလိမ့်မည်ဟု အမည် မဖော်လိုသည့် အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အမေရိကန်စစ်စခန်းအား တိုက်ခိုက်မှုကို အမေရိကန်နှင့် အစ္စရေးကို ဆန့်ကျင်သည့် အီရတ်နိုင်ငံရှိ Islamic Resistance အမည်ရှိ လက်နက်ကိုင်အဖွဲ့က တာဝန်ခံ ထွက်ဆိုခဲ့သည်။

ထိုတိုက်ခိုက်မှုသည် အစ္စရေး-ဟားမာ့စ်စစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်စစ်သား များ သေဆုံးသည့် တိုက်ခိုက်မှုဖြစ်သည်။

မကြာသေးမီ နှစ်များအတွင်းက အီရန်နှင့် ဆက်နွှယ်မှုရှိသည့် လက်နက်ကိုင် အဖွဲ့များသည် အီရတ်နှင့် ဆီးရီးယား ရှိ အမေရိကန်စစ်စခန်းများကို တိုက်ခိုက်မှုပေါင်း ရာချီပြုလုပ်ခဲ့သော်လည်း ဂါဇာစစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း ထိုတိုက်ခိုက်မှုများသည် ပိုမိုပြင်းထန်လာခဲ့သည်။

Islamic Resistance လက်နက်ကိုင်အဖွဲ့သည် ဒေသတွင်း အီရန်က ထောက်ခံပေးထားသည့် တော်လှန်ရေး ဝင်ရိုးတန်းအဖွဲ့ထဲတွင် ပါဝင်သောအဖွဲ့ဖြစ်သည်။

သို့သော် အီရန်သည် ထိုအဖွဲ့ထဲတွင် ပါဝင်သည့် အဖွဲ့များအား ၎င်းတို့ကိုယ်ပိုင် ဆုံးဖြတ်ချက်များဖြင့် လွတ်လပ်စွာ လုပ်ဆောင်ခွင့်ပေးထားပြီး ထိုအဖွဲ့များကို အမိန့်များ ပေးခဲ့ခြင်းမရှိပေ။

အမေရိကန်စစ်စခန်း တိုက်ခိုက်ခံရပြီး ၅ ရက်ကြာပြီးနောက် အမေရိကန်သမ္မတ ဂျိုဘိုင်ဒန် (Joe Biden) က တုန့်ပြန်သွားမည်ဟု ထပ်မံ ကတိပြုခဲ့သည်။

တုန့်ပြန်တိုက်ခိုက်မှုများသည် လာမည့်ရက်ပိုင်းအတွင်း ပေါ်ပေါက်လာမည်ဖြစ်ပြီး ပစ်မှတ် အများအပြားကို တိုက်ခိုက်သွားမည်ဟု အမေရိကန်အရာရှိများက ပြောကြားခဲ့သည်။

အစ္စရေး-ဟားမာ့စ် စစ်ပွဲဖြစ်ပွားနေသဖြင့် အီရန်နှင့် အမေရိကန်တို့က ထိပ်တိုက်တွေ့လိုသည့် ဆန္ဒမရှိကြောင်း ပြောကြားထားသည်။

အစ္စရေးသည် လက်ဘနွန်နိုင်ငံရှိ ဟစ်ဇ်ဘိုလာအဖွဲ့ကို တိုက်ခိုက်နေခြင်း၊ ယီမင်နိုင်ငံရှိ ဟူရ်သီအဖွဲ့က ပင်လယ်နီ အတွင်းရှိ ကုန်တင်သင်္ဘောများနှင့် အမေရိကန်၊ ဗြိတိန်စစ်သင်္ဘောများကို တိုက်ခိုက်နေခြင်းတို့ကြောင့် စစ်ပွဲသည် ဒေသတွင်း ပျံ့နှံ့သွားမည့်အရေးအာား စိုးရိမ်မှုများ မြင့်တက်နေသည်။

အီရန်၏ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ၏ တပ်မှူး ဟော့စိန် ဆလာမီ (Hossein Salami) က အီရန်အနေနှင့် အမေရိကန်၏ မည်သည့် တိုက်ခိုက်မှုမျိုးကိုမဆို တုန့်ပြန်သွားမည်ဟု သတိပေးခဲ့သည်။

Source: အယ်လ်ဂျာဇီးယား