CNI International News

ဝါရှင်တန်၊ စက်တင်ဘာ ၁၃

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) အစိုးရသည် အီရန်တွင် ဖမ်းဆီးထိန်းသိမ်း ခံထားရသည့် အမေရိကန် နိုင်ငံသား ၅ ဦးကို ပြန်လည်လွတ်မြောက်စေရန်အတွက် နိုင်ငံတကာဘဏ်များတွင် ထုတ်ယူခွင့် ပိတ်ပင်ထား သော ဒေါ်လာ ၆ ဘီလျံတန်ဖိုးရှိသည့် ပိုင်ဆိုင်မှုများကို အီရန်အား လွှဲပြောင်းခွင့်ပြုကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ပိတ်ဆို့မှုများကြောင့် တောင်ကိုရီးယားနိုင်ငံမှ ကာတာအထိ နိုင်ငံတကာဘဏ်များတွင် ထုတ်ယူခွင့် ပိတ်ပင်ခံထား ရသည့် အီရန်၏ ငွေကြေးများကို အီရန်သို့ လွှဲပြောင်းခွင့် ပြုလိုက်ခြင်းဖြစ်သည်။

ထို့ပြင် သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအနေနှင့် အမေရိကန်တွင် ဖမ်းဆီးခံထားရသည့် အီရန် နိုင်ငံသား ၅ ဦးကိုလည်း ပြန်လွှတ်ပေးရန် အမေရိကန်အစိုးရက သဘောတူခဲ့သည်။

အမေရိကန်နဲ့ အီရန် အလံကို တွေ့ရစဉ်

အမေရိကန်နှင့် အီရန်အကြား ဖမ်းဆီးခံထားရသည့် နှစ်နိုင်ငံပြည်သူများ ပြန်လည်လွတ်မြောက်စေရေးအတွက် နှစ်နိုင်ငံအရာရှိများအကြား သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် တစ်လအကြာ ပြီးခဲ့သည့် သီတင်းပတ်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင် (Antony Blinken)က အီရန်အပေါ် ချမှတ် ထားသော ပိတ်ဆို့မှုများကို လျှော့ပေါ့ပေးရန် သဘောတူညီချက်တွင် လက်မှတ်ရေးထိုးခဲ့သည်။

ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး အစိုးရအဖွဲ့က လွှတ်တော်ကို စက်တင်ဘာ ၁၁ ရက် မတိုင်မီအထိ အသိပေးခဲ့ ခြင်း မရှိကြောင်း အေပီမှ ဖော်ပြခဲ့သည်။

ပိတ်ဆို့မှုများ လျှော့ပေါ့ရေးနှင့် သဘောတူညီချက်၏ မူကြမ်းကို ယခင်က ကြေညာခဲ့ပြီး ဖြစ်သော်လည်း အီရန် အကျဉ်းသား ၅ ဦးကို ပြန်လွှတ်ပေးမည့် သဘောတူညီချက်အား အမေရိကန်အစိုးရက စက်တင်ဘာ ၁၁ ရက်တွင် ပထမဆုံးအကြိမ် ကြေညာခဲ့ခြင်း ဖြစ်သည်။

အီရန်အပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများ လျှော့ပေါ့ရေးကို ရီပတ်ဘလစ်ကန်များက ဝေဖန်ခဲ့ကြပြီး အရှေ့ အလယ်ပိုင်းတွင် အမေရိကန်စစ်သားများနှင့် မဟာမိတ်များအပေါ် အီရန်က ခြိမ်းခြောက်မှုများ တိုးမြှင့်နေချိန်၌ ထိုသဘောတူညီချက်သည် အီရန်၏ စီးပွားရေးအား မြင့်တက်စေလိမ့်မည်ဟုလည်း လေ့လာသူများက ပြောကြားခဲ့ သည်။

အီရန်အလံနဲ့ ဒုံးကျည်တစ်စင်းကိုတွေ့ရစဉ်

အိုင်အိုဝါ (Iowa) ပြည်နယ်မှ အမေရိကန် အထက်လွှတ်တော်အမတ် ချက် ဂရက်စ်လေ (Chuck Grassley) ကမူ အီရန်တွင် ဖမ်းဆီးခံထားရသည့် အမေရိကန်နိုင်ငံသားများ ပြန်လည်လွတ်မြောက်ရေးအတွက် ဒေါ်လာ ၆ ဘီလျံ ပေးဆောင်ရန် ခြိမ်းခြောက်ငွေညှစ် ခံရခြင်းသည် အဓိပ္ပာယ်မရှိကြောင်း Twitter ဟု လူသိများခဲ့သည့် X လူမှု မီဒီယာတွင် ရေးသားခဲ့သည်။

အာကန်ဆပ် (Arkansas) ပြည်နယ်မှ အထက်လွှတ်တော်အမတ် တွမ် ကော်တွန် (Tom Cotton) ကလည်း ဘိုင်ဒန်သည် ကမ္ဘာ့အဆိုးရွားဆုံး အကြမ်းဖက်မှုကို ထောက်ခံ အားပေးသည့် အီရန်ကို ပြန်ပေးရွေးငွေများ ပေးဆောင်နေသည်ဟု စွပ်စွဲခဲ့သည်။

Source: အယ်လ်ဂျာဇီးယား