CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ပြည်သူ့စစ်တပ်ဖွဲ့များ အစစ်အဆေး များလာကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၏ မူဆယ်မြို့နယ်မှူး တားအလိပ်က CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိမှာ မူဆယ်မြို့နယ်၏ အဓိက လမ်းမကြီးနှင့် မြို့တွင်းလမ်းများတွင် ပိုမိုစစ်ဆေးလာကြောင်း၊ ပြည်သူများ အနေဖြင့် စီးပွားရေးမှာလည်း အဆင်မပြေကြကြောင်း ၎င်းက ပြောသည်။

တားအလိပ်က “လတ်တလောကတော့ သူတို့ဖက်ကလည်း ဒီအတိုင်းပေါ့ အမြဲတမ်းလှုပ်ရှားတယ်၊ ဘာမှတော့ ထူးခြားမှု မရှိသေးဘူး။ ဒါပေမဲ့ မြို့ထဲမှာတော့ စစ်ဆေးတဲ့အပိုင်း တော်တော်လေး ကြမ်းတယ်၊ ပြည်သူ့စစ်တွေ ရော အသုံးချတာတော့ ပြည်သူ့စစ်တွေ အသုံးချခံရတာပေါ့၊ အပြစ်မဲ့ပြည်သူတွေ အပြောအဆို မတတ်ရင် သူတို့ တော်တော်လေး ခံရတာပေါ့၊ ထိုးကြိတ်ရိုက်ခံရတယ်၊ အဲဒီလိုမျိုး ကြားနေရတယ်၊ တိုက်ပွဲဖြစ်နေတဲ့ အတော အတွင်းဆိုရင် လမ်းမှာ မြို့တွင်းတို့ သူတို့ အဲဒီလိုမျိုး ကားတစ်စီးဖြတ်လို့ရှိရင် ၃ သောင်း၊ ပြီးရင် ၁၀ နာရီကနေ ဒီ ၄ နာရီကြားထဲမှာ သွားလာတာရှိရင် အကုန်လုံး ကုတ် (ဖမ်းဆီး) ထားတာပဲ။ လူရော ကားရော၊ လက်ရှိကြတော့ main (အဓိက) လမ်းနဲ့ မြို့တွင်းနဲ့ အဆင်ကို မပြေဘူး။ သွားလာရတာ၊ ပြည်သူတွေကအစပေါ့၊ စီးပွားရေးလည်း အဆင်မပြေတော့ သူတို့က အဲဒီလိုလုပ်တော့ ပိုဆိုးတာပေါ့” ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ပြည်သူ့စစ်ခေါင်းဆောင်များ တွေ့ဆုံစဉ်

ပြီးခဲ့သည့် သြဂုတ်လ အစောပိုင်းက စတင်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်နှင့် TNLA တို့ တကြော့ပြန် တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့သည်။

မြန်မာ့တပ်မတော်နှင့် ပြည်သူ့စစ်တို့ မူဆယ်မြို့တွင်း အစစ်အဆေး ပိုမိုလုပ်ဆောင်နေဟု ပြောဆိုချက်အား မိမိအနေဖြင့် မကြားမိကြောင်း မူဆယ်ကုန်ကားသမားတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

“ဘာမှတော့ မကြားမိဘူး။ ကျနော်တို့ဖက်ကတော့ ဘာလို့ဆို ကျနော်က ၅ မိုင်မှာဆိုတော့၊ ၅ မိုင်၊ ၁၀၅ မိုင်မှာ ဆိုတော့ ဘာမှတော့ မဖြစ်ဘူး။ အဲဒီလိုတော့ မမေးမြန်းဘူး၊ သွားတော့ သွားနေတာပဲ၊ လမ်းတကြောတော့ ပေးကမ်းသွားရတာပေါ့” ဟု ပြောသည်။

 TNLA တပ်ဖွဲ့ကိုတွေ့ရစဉ်

လက်ရှိ မူဆယ်မြို့နယ်အတွင်း မြန်မာ့တပ်မတော်နှင့် TNLA တို့ နှစ်ဖက် စစ်ရေးတင်းမာသည့် အနေအထားတွင် မရှိတော့ကြောင်း တားအလိပ်က ပြောသည်။

၎င်းက “အဲဒီလောက်ထိလည်း မဟုတ်တော့ပါဘူး။ သူတို့ဖက်ကလည်း ငြိမ်ထားတယ်ပေါ့၊ ဒါပေမဲ့ တစ်ချက် တစ်ချက်တော့ သူတို့ထဖောက်တယ်၊ အဲဒီလိုမျိုးတော့ ရှိတယ်၊ ကျနော်တို့ကတော့ ကိုယ့်နေရာနဲ့ ကိုယ်နေတယ်၊ တစ်ချက်တစ်ချက်တော့ သူတို့ ပေါ်ပေါ်လာတာပေါ့၊ ဒီရက်ပိုင်းတော့ ငြိမ်ပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ် ၅ ရက် လောက်ပေါ့၊ ဆက်တိုက်ပဲ ညရောနေ့ရော ကျနော်တို့ ရှိတဲ့ဖက်တွေ ရမ်းသမ်းပစ်တာပေါ့၊ ရွာထဲမှာ သူတို့ ပစ်ထား တဲ့ လက်နက်ကြီးတွေ မပေါက်ကွဲသေးတဲ့ဟာတွေ ကျနော်တို့ လိုက်ရှင်းနေရတဲ့ အပိုင်းလည်း ရှိတယ်” ဟု ပြော သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင် အပါအဝင် မန္တလေးတိုင်းဒေသကြီးအနီးက မိုးကုတ်၊ နောင်ချို အနီးပတ် ဝန်းကျင်များတွင် TNLA ၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်နှင့် တပ်မတော် အကြား တိုက်ပွဲများ ပိုမိုဖြစ်ပွားလာခဲ့သည်။