CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှတဆင့် တရုတ်နိုင်ငံထဲသို့ တစ်ပတ်ကဒ် ကိုင်ဆောင်ကာ သွားရောက် သူများအနက် အသက်(၃၅)နှစ်အတွင်းရှိ လူငယ်များအား ထွက်ခွာခွင့် ကန့်သတ်ပိတ်ပင်ထားကြောင်း ဒေသခံ များက CNI သတင်းဌာနသို့ ပြောသည်။
တစ်ပတ်ကဒ် ကိုင်ဆောင်ထားသူများအနက် အသက်(၃၅)နှစ်အောက် အမျိုးသားများနှင့် အသက်(၂၇)နှစ်အောက် အမျိုးသမီးများ ပါဝင်သော်လည်း ကျန်အသက်အရွယ်များမှာ ထွက်ခွာခွင့်ရှိကြောင်း၊ စာအုပ်အနီကိုင်ဆောင်ထား သူများမှာမူ အသက်ကန့်သတ်ချက် မရှိဘဲ မှတ်ပုံတင်၊ စမတ်ကဒ်တို့ဖြင့် ဝင်/ထွက်ခွင့် ပြုထားကြောင်း နှလုံးလှ ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သောင်တင်တာပေါ့။ တချို့ကြတော့ မဝင်ရဘူး။ ဟိုဘက်မှာ အလုပ်ရလည်း ပြန်လှည့်ရတယ်။ တချို့ကြ လည်း မူဆယ်မှာပဲ ကြုံရာအလုပ်တွေ လုပ်နေကြတယ်။ မူဆယ်က ဆောက်လုပ်ရေးလုပ်ငန်းတွေတောင် ပစ္စည်း အဝင်၊အထွက်တွေက အကန့်အသတ်ဆိုတော့ နေ့တိုင်းမဆင်းရဘူး။ ပစ္စည်းကုန်သွားရင် ရပ်၊ ပစ္စည်းပြန်ရောက် လုပ် အဲဒီလိုမျိုးဖြစ်နေတာ။ အစိုးရချင်းများ လုပ်ထားလားမသိဘူး။ ဟိုဘက်ကလည်း မရဘူး။ အစိုးရချင်းများ ညှိထားလား မရဘူး။ စာအုပ်အနီကတော့ သူ့ရဲ့ သက်တမ်းရှိတယ်။ စာအုပ်ကုန်သွားပြီဆိုရင် အသစ်လုပ်ရတယ်။ တစ်ပတ်ကဒ်ကတော့ ၇ ရက်ပေါ့။ စာအုပ်အနီ ကတော့ ဝင်ချင်တဲ့အချိန် ဝင်တာပေါ့။ တချို့ စီးပွားရေးသမားတွေ နေ့စဉ်ဝင်နေကြတာ။ ဒီမှာတော့ ဟိုဘက်ထဲ ဝင်တဲ့နေရာမှာ အမြဲတမ်း လူပြည့်နေတာပဲ။ သက်ဆိုင်ရာ မြို့နယ် တွေကနေ စစ်မှုထမ်းကင်းလွတ်ခွင့် ထောက်ခံစာ အဲဒီလိုမျိုးတွေ ပါရင်တော့ သွားလို့ရတယ်” ဟု ပြောသည်။
တရုတ်ဘက်ကိုသွားရောက် စောင့်နေကြသူများကိုတွေ့ရစဉ်
ယခုကဲ့သို့ ကန့်သတ်လိုက်ခြင်းသည် နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ် ၂ ခုလုံး ပါဝင်ကြောင်း ဒေသခံများထံက သိရသည်။
ထွက်ခွာခွင့် ကန့်သတ်ထားသည့် အသက်အရွယ် အပိုင်းအခြားသည် စစ်မှုထမ်းဥပဒေတွင် အကျုံးဝင်သည့် အရွယ်များဖြစ်သောကြောင့် စစ်မှုထမ်းခွင့်နှင့် ဆက်စပ်မှုရှိနိုင်ကြောင်းလည်း ဒေသခံများက သုံးသပ်ကြသည်။
မြန်မာဘက်အခြမ်းမှ ထွက်ခွာခွင့် ရခဲ့သည်ရှိသော်လည်း တရုတ်ဘက်သို့ ရောက်ပါက ၎င်း အသက်အရွယ် အတွင်း ဝင်သူများဖြစ်လျှင် ပြန်လွှတ်ကြောင်းလည်း ဒေသခံများထံက သိရသည်။
မူဆယ်မြို့တွင် တရုတ်သို့ သွားရောက် အလုပ်လုပ်ကိုင်ရန် စောင့်ဆိုင်နေသူဦးရေမှာ နေ့စဉ် ရာနှင့်ချီရှိပြီး ယခင်က စမတ်ကဒ်ရှိမှ ထွက်ခွာခွင့်ပြုမည်ဟု ထုတ်ပြန်ခဲ့သော်လည်း ယခုအခါမှာတော့ အသက်ကန့်သတ်ချက်ဖြင့် ထပ်မံ ပိတ်ပင်လိုက်သဖြင့် မူဆယ်မှ ပြန်ဆင်းသွားကြသူများလည်းရှိကြောင်း ဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
တရုတ်ဘက်ကိုသွားရောက် စောင့်နေကြသူများကိုတွေ့ရစဉ်
၎င်းက “အခုလက်ရှိကတော့ သူတို့မရဘူးလို့ ပြောတာပဲ။ ဒီဘက် ဝင်မယ့်ကလေးတွေ ရှိတယ်လေ။ အရင်ကထက် လူလည်းများတယ်။ အခုအပြင်မှာ ရောက်တဲ့သူတွေတောင် မဝင်ရသေးဘူး။ သူတို့က ပေါ်လစီအမျိုးမျိုး ပြောင်း နေတော့ ကျနော်တို့လည်း အရူးဖြစ်နေပြီ ကြာလို့ရှိရင် အနေအထားက။ အခုတစ်မျိုး တော်ကြာတစ်မျိုး ဖြစ်နေ တာလေ။ အဆင်းကတော့ လွယ်ပါတယ်။ အတက်ကြတော့ နည်းနည်းလေး မှတ်ပုံတင် အနေအထားတွေ တိတိကျကျ မသိပေမယ့် အကန့်အသတ်တော့ ရှိတာပေ့ါ” ဟု ပြောသည်။
မူဆယ်မြို့ရှိ တရုတ်-မြန်မာ နယ်စပ်ဂိတ်အား တရုတ်ဘက်မှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်နေ့မှ စတင်ကာ ပြန်လည် ဖွင့်လှစ်ပေးလိုက်ခြင်းဖြစ်ပြီး ဆင်ဖြူနယ်စပ်ဂိတ်တွင် ပစ္စည်းအဝင်/အထွက် ပြုလုပ်ကာ နန်းတော် နယ်စပ်ဂိတ်တွင် လူအဝင်/အထွက် ပြုလုပ်ကြသည်။
နန်းတော်ဂိတ်ပေါက်တွင် တရုတ်နိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံ အပါအဝင် ဆောက်လုပ်ရေး လုပ်ငန်းများ၌ သွားရောက် လုပ်ကိုင်ရန် စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။